ကော့သောင်းတွင် ခုနှစ်ရက်အတွင်း ကိုဗစ်ပိုးတွေ့သူ ၂၀ ဦးရှိ

0
3783

ကော့သောင်းမြို့တွင် ခုနှစ်ရက်အတွင်း( စက်တက်ဘာလ ၈ ရက်နေ့မှ ၁၄ ရက်နေ့အထိ) ကိုဗစ်နိုင်တင်း ရောဂါပိုးတွေ့သူ ၂၀ ဦးရှိကြောင်း ကော့သောင်းမြို့ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

စက်တင်ဘာလ ၈ ရက်နေ့က ထိုင်းနိုင်ငံ ရနောင်းမြို့တွင် ထိန်းသိမ်းခံထားရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၇၀ ဦးကျော်ကို ကော့သောင်းဘက်သို့ လွှဲပေးခဲ့ရာ ၎င်းတို့အနက် အမျိုးသားခုနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး စုစုပေါင်း ရှစ်ဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့သည်။

အဆိုပါ လွှဲပြောင်းလက်ခံထားသူများကို စောင့်ကြည့်စခန်းတွင် ထားရှိစောင့်ကြည့်နေစဉ် စက်တင်ဘာလ ၁၄ ရက်နေ့တွင် ယင်းအဖွဲ့မှပင် အမျိုးသား ၆ ဦး၊ အမျိုးသမီး ၄ ဦး စုစုပေါင်း ၁၀ ဦးတို့တွင် ကိုဗစ်ပိုးထပ်မံတွေ့ရှိခဲ့ကြောင်း ရွှေအဏ္ဏဝါပရဟိတ လူငယ်အဖွဲ့မှ သိရသည်။

စက်တင်ဘာလ ၁၂ ရက်နေ့တွင်လည်း နေရပ်ပြန်မြန်မာ သင်္ဘောသားနှစ်ဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ရကြောင်း ကော့သောင်းမြို့ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ယင်းကြောင့် ကိုဗစ်ပိုးတွေ့သူများမှာ ပြည်ပမှပြန်လည်ဝင်ရောက်လာသူများဖြစ်ကြောင်း တွေ့ရသည်။

ကော့သောင်းမြို့တွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်းက ကိုဗစ်ပိုးတွေ့သူ ၅၉ ဦးရှိခဲ့ပြီးဖြစ်သည်။