ကထောင်းနီရွာ အုပ်ချုပ်ရေးမှူးဟောင်း ပစ်သတ်ခံရ

0
4403

လောင်းလုံးမြို့နယ် ကထောင်းနီရွာက အုပ်ချုပ်ရေးမှူးဟောင်း ဦးအောင်လွင် စက်တင်ဘာလ ၁၃ ရက် ညနေပိုင်းက ယင်းကျေးရွာလမ်းပိုင်းတစ်နေရာတွင် ပစ်သတ်ခံရကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

အသက် ၃၈နှစ်အရွယ် ဦးအောင်လွင်သည် အရပ်သားအစိုးရအသွင်ပြောင်းပြီးနောက် အစိုးရ နှစ်ဆက်စလုံးတွင် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူခဲ့သူဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ ညနေ ခြောက်နာရီခန့်က သေဆုံးသူအမျိုးသားမှာ လေးသွန်းခံရွာဘက်မှ ကထောင်းနီရွာဖက်သို့ ဆိုင်ကယ်ဖြင့်လာစဉ် ကထောင်းနီကျေးရွာအနီးတွင် ပစ်သတ်ခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဒဏ်ရာက ဦးခေါင်း၊ ရင်ဖက်နဲ့ ဝမ်းဗိုက် လက်မောင်းတွေမှာ တွေ့ရတယ်” ဟု ၎င်းက ဆိုသည်။

သေဆုံးသူတွင် ဝတ်ဆင်ထားသော လက်စွပ် အပါအဝင် လက်ကိုင်ဖုန်းနှင့် သူ၏ ခါးပတ်အိပ် တစ်အိမ်မှာလည်း ပျောက်ဆုံးနေကြောင်း မိသားစုနှင့် နီးစပ်သူများက ပြောဆိုသည်။

သေဆုံးသူအမျိုးသားမှာ ကျေးရွာအတွင်း ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူဖြစ်ပြီး လောင်းကစား ဝါသနာပါကာ ပြီးခဲ့သည့် လအနည်းငယ်ခန့်က ယင်းကျေးရွာတွင် လောင်းကစားဝိုင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်စီးရာ ယင်းအမျိုးသားပါဝင်သည့်အတွက်ကြောင့် သတိပေးခံခဲ့ရဖူးသည်ဟု ဒေသခံအချို့က ပြောသည်။

မူးယစ်ဆေး ရောင်းဝယ်သုံးစွဲသူများနှင့် ပတ်သတ်လေ့ရှိသူဟုလည်း ဒေသခံအချို့က ပြောဆိုကြသည်။

သို့သော်လည်း ယင်းပြောဆိုချက်များနှင့် ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

“သူက ရွာမှာဆို အရေးပေါ်ကားလည်း မောင်းတယ်။ ဘုန်းကြီးကားလည်း မောင်းတယ်။ ဒါပေမဲ့ ဖဲကစားတာတော့ တော်တော် ဝါသနာပါတယ်” ဟု အခြားဒေသခံတစ်ဦးက ပြောသည်။

သို့သော် ဦးအောင်လွင်ကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်သွားသည်ကို မသိရသေးကြောင်း ဒေသခံများက ဆိုသည်။

ဒေသအတွင်း လှုပ်ရှားနေကြသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) များဖြစ်သည့် LLPDF ၊ DDT အဖွဲ့နှင့် ပြည်သူပန်းတိုင် ပြောက်ကျားတပ်ဖွဲ့တို့ကမူ အဆိုပါအမျိုးသားပစ်ခတ်ခံရမှုဟာ ၎င်းတို့အဖွဲ့များနှင့် လုံးဝ မသက်ဆိုင် ကြောင်း အခင်းဖြစ်ညတွင်ပင် အသီးသီးထုတ်ပြန်ခဲ့ကြသည်။

အဆိုပါအမျိုးသား၏ ရုပ်အလောင်းကို ယနေ့ (စက်တင်ဘာ ၁၄) ထားဝယ်ဆေးရုံကြီးမှ နေအိမ်သို့ သွားရောက် သယ်ယူနေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။