ကော့သောင်းခရိုင်အတွင်း ခရီးသွားလာခွင့် ကန့်သတ်ချက်ထုတ်

0
3936
ဘုတ်ပြင်း ကော့သောင်းလမ်းတနေရာ

တိုက်ခိုက်မှုများဖြစ်လာသည့် ကော့သောင်းခရိုင်တွင် ပြည်သူများ ခရီးသွားလာခြင်းနှင့်ပတ်သက်၍ ကန့်သတ်ချက် အချို့ကို လိုက်နာပေးကြရန် ကော့သောင်း ပြည်သူ့ကာကွယ်ရေးတပ်က မေတ္တာရပ်ခံချက် ထုတ်ပြန်လိုက်သည်။

မြိတ်-ကော့သောင်း လမ်းတစ်လျှောက်နှင့် ကော့သောင်းခရိုင်အတွင်း သွားလာနေသည့် ကားများ စစ်ကောင်စီတပ် ကားတန်းနှင့် နီးကပ်စွာ မသွားလာကြရန်၊ မှန်ချမောင်းနှင်ရန်နှင့် တတ်နိုင်လျှင် ညဖက် မသွားကြရန် မေတ္တာရပ်ခံစာကို စက်တင်ဘာ ၁၃ရက်နေ့က ထုတ်ပြန်သည်။

ကုန်ကားများအနေဖြင့်လည်း အပြည့်အဝ ဖုံးအုပ်၍ မောင်းနှင်ခြင်း မပြုရန်လည်း ထုတ်ပြန်ချက်တွင် ရေးသားထား သည်။

ယင်းအပြင် စစ်ကောင်စီ ရုံးအဆောက်အအုံ၊ ကင်းစခန်း၊ တပ်ရင်း၊ တပ်ခွဲများ အနီးတွင် နေထိုင်သွားလာခြင်း မပြုရန်လည်း ထုတ်ပြန်ထားသည်။

ရပ်ကွက်ကျေးရွာများရှိ ဘုန်းကြီးကျောင်းနှင့် အခြားဘာသာရေး အဆောက်အအုံများတွင် စစ်ကောင်စီတပ် တပ်စွဲထားခြင်းကို ခွင့်မပြုရန်လည်း ဘာသာရေးခေါင်းဆောင်များအား မေတ္တာရပ်ခံသည်ဟု ဖော်ပြသည်။

ခရီးသည်များ ပုံမှန်သွားလာနေကြဆဲဖြစ်ပြီး အထက်ပါ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ကားသမားများနှင့် ခရီးသည်အများစုက မသိရှိသေးခြင်းဖြစ်နိုင်ကြောင်း ကားသမားအချို့က ပြောသည်။  

“မိုင်းဆွဲတိုက်ခိုက်တာတွေ ကြားရပြီးတဲ့နောက် အရင်ကထက် ပိုဂရုစိုက်ပြီးတော့မှ နားစွင့်ပြီး သွားလာနေရတာပေါ့။ ညဆိုရင်တော့ သွားကိုမသွားဘူး” ဟု မြိတ်-ဘုတ်ပြင်း၊ ကော့သောင်း ခရီးသည်ကားမောင်းသူတစ်ဦးက ပြောသည်။

ကော့သောင်းခရိုင်အတွင်း ယခင်က စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ နှစ်ဖက်ထိတွေ့ တိုက်ပွဲ အနည်းငယ်သာဖြစ်ခဲ့ဖူးပြီး စစ်ယာဉ်တန်းအား မိုင်းဆွဲမှု ဖြစ်စဉ်မရှိခဲ့ပေ။

သို့သော် ပြီးခဲ့သည့် ဩဂုတ်လမှစတင်၍ ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်၊ ခမောက်ကြီးမြို့နယ်တို့ရှိ ပြည်ထောင်စုလမ်းတွင် စစ်ယာဉ်တန်း မိုင်းဆွဲခံရခြင်း၊ ခြုံခိုတိုက်ခိုက်ခံရခြင်းများ ရှိလာခဲ့ကြောင်း မြိတ်-ကော့သောင်း ခရီးသည် ယာဉ်မောင်းများနှင့် ဒေသခံများထံမှသိရသည်။