ထိုင်း ပရာကျွတ်ခီရီခန်တွင် တရားမဝင် မြန်မာလုပ်သား ၁၉ ဦး ဖမ်းဆီးခံရ

0
777

ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၁၉ ဦးကို ယနေ့ (စက်တင်ဘာ ၈) မနက်ပိုင်းအချိန်တွင် ထိုင်းရဲတပ်ဖွဲ့များက ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ပရာကျွတ်ခီရီခန်ခရိုင် ကိုလက်ဒေသရှိ ရာဘာတောထဲတွင် တရားမဝင် မြန်မာအလုပ်သမားများကို မှောင်ခိုပို့ဆောင်နေသော အဖြူရောင်ပစ်ကပ်ကားတစ်စီး ရပ်နားထားသည်ကို တွေ့ရှိရသဖြင့် ထိုင်းတပ်မတော်နှင့် ရဲတပ်ဖွဲ့များက သွားရောက်စစ်ဆေးခဲ့ကြောင်း ဖော်ပြထားသည်။

ပစ်ကပ်ကားအတွင်းမှ တရားမဝင် အထောက်အထားမဲ့ မြန်မာအလုပ်သမား ၁၉ ဦးနှင့် မြန်မာနိုင်ငံသား ကားမောင်းသမားကိုပါ ဖမ်းဆီးရမိကြောင်းဖော်ပြထားသည်။

ကားမောင်းသမားသည် ထိုင်းနိုင်ငံတွင် နေထိုင်သည်မှာ နှစ်ရှည်ကြာမြင့်ပြီဖြစ်ပြီး တရားမဝင်လမ်းကြောင်းဖြင့် မြန်မာအလုပ်သမားများကို ခေါ်ဆောင်လာကာ သတ်မှတ်နေရာအထိ ပို့ဆောင်ရန် ပြင်ဆင်နေစဉ်တွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

မြန်မာအလုပ်သမားများသည် ထားဝယ်၊ ရန်ကုန်၊ မုဒုံ မြို့မှ လာရောက်ကြခြင်းဖြစ်ပြီး တနင်္သာရီတိုင်းမှတစ်ဆင့် ပရာကျွတ်ခီရီခန်ခရိုင်အတွင်းသို့ တောလမ်းအတိုင်း လမ်းလျှောက်လာကြခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

 ရာဘာတောထဲအရောက်တွင် ပွဲစားမှ လာခေါ်သည့်အချိန်ကို စောင့်ဆိုင်းနေကြပြီး ၎င်းတို့သည် ထိုင်းတောင်ပိုင်းခရိုင်များတွင် အလုပ်လုပ်ကိုင်နိုင်ရန် ရည်ရွယ်ထားကြကြောင်းဖော်ပြထားသည်။

ဖမ်းဆီးခံရသော မြန်မာအလုပ်သမားအားလုံးကို ကိုဗစ်-၁၉ ရှိမရှိ စစ်ဆေးပြီးနောက် ဥပဒေအရ ဆက်လက်အရေးယူ ဆောင်ရွက်နိုင်ရေးအတွက် ပရာကျွတ်ခီရီခန်ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်းဖော်ပြထားသည်။

ပြည်တွင်း မလုံခြုံမှု၊ ကုန်ဈေးနှုန်းမြင့်တက်လာမှုနှင့်အတူ ငွေကြေးဖောင်းပွလာမှု၊ အလုပ်အကိုင် ရှားပါးလာမှုတို့ကြောင့် မြန်မာအလုပ်သမားများသည် ဘတ် ၂၀၀၀၀ မှ ၅၀၀၀၀ အထိအကုန်ကျခံကာ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လုပ်ကိုင်လျက် ရှိသည်။

ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော်ရာတွင် တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် မောတောင်နယ်စပ်လမ်းကြောင်း ပရာကျွန်ခီရီခန်ခရိုင်နှင့် ကရင်ပြည်နယ် ဘုရားသုံးဆူလမ်းကြောင်း ကန်ချနဘူရီအတွင်းရှိ စန်ခရာဘူရီတို့တွင် တရားမဝင် မြန်မာလုပ်သားဖမ်းဆီးခံရမှု အများဆုံးဖြစ်သည်။

ဖမ်းဆီးခံရမှုများအပြင် ကားမှောက်မှု၊ အလုံပိတ်ကားပေါ်တွင် အသက်ရှုရပ်သဖြင့် သေဆုံးမှုများနှင့်အတူ မိုးရေထဲတွင် အမောဖောက်သေဆုံးမှု စသော အန္တရာယ်ရှိသော အခြေအနေများလည်း ဆက်တိုက်မြင်တွေ့နေခဲ့ရသည်။

 Ref: Khaosod Online, CH 7 HD NEWS