စက်သုံးဆီဈေးထပ်တက်၍ ကင်းမွန်ငါးဖမ်းလုပ်ငန်း ထက်ဝက်ခန့်ရပ်နားထားရ

0
434

ကင်းမွန်းငါးဖမ်းရာသီမစတင်မီ စက်သုံးဆီဈေးနှုန်း ထပ်မံမြင့်တက်နေသဖြင့် ကင်းမွန်ငါးဖမ်းလုပ်ငန်း ထက်ဝက်ခန့် ရပ်နားထားရကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်သူအချို့က ပြောပြသည်။

ကင်းမွန်ငါးဖမ်းရာသီမှာ လာမည့်နိုဝင်ဘာလတွင် စတင်မည်ဖြစ်သော်လည်း လှေထွက်နိုင်ရေး ယခုအချိန်တွင် စတင်ပြင်ဆင်နေကြပြီဖြစ်ရာ လှေထက်ဝက်ခန့်မှာ ပြင်ဆင်ခြင်းမရှိသေးဘဲ အခြေအနေစောင့်ကြည့် နေကြခြင်းဖြစ်သည်။

လတ်တလောတွင် ဂါလံ ၅၀ ပါဒီဇယ်ဆီတစ်ပီပါလျှင် ကျပ်ရှစ်သိန်းနီးပါးအထိ ‌စျေးတက်နေကြောင်း ကင်းမွန်ငါးဖမ်းလှေလုပ်ငန်း လုပ်ကိုင်သူအချို့က ပြောပြသည်။

“ဆီဈေးက တအားတက်နေတာ အလုပ်တောင်မစရသေးဘူး နားနေရပြီ၊ အစစအရာရာ ဈေးတက်နေတာဆိုတော့ ရတာထက် ကုန်တာပိုများမယ့်သဘောဖြစ်နေတယ်၊ တချို့ကလည်း လှေထွက်ဖို့ပြင်နေကြတာတော့ရှိတယ်” ဟု ကျွန်းစုမြိုနယ် ကျွဲခရံကျေးရွာအုပ်စုနေ ကင်းမွန်ငါးဖမ်းလှေပိုင်ရှင် တစ်ဦးက ပြောသည်။

ယင်းကဲ့သို့ စက်သုံးဆီနှင့် အထွေထွေကုန်ဈေးနှုန်းများ ကြီးမြင့်လာနေသဖြင့် ကင်းမွန်လှေတစ်စီးတွင် ငါးဖမ်းကာလ ၁၅ ရက်အတွက် ကုန်ကျစရိတ်သည် ယခင်ထက် နှစ်ဆကျော်ခန့် ကုန်ကျမည်ဖြစ်ကြောင်း ကင်းမွန်ဖမ်းလုပ်ငန်း လုပ်ကိုင်သူအချို့က ပြောပြသည်။

“ရာသီစတဲ့အချိန်မှာ ဆီဈေးကမကျဘူးဆိုရင် ကင်းမွန်ဖမ်းတဲ့သူတောင် ရှိမှာမဟုတ်ဘူး” ဟု ‌မြိတ်မြို့ မြို့သစ်ရပ်နေ ကင်းမွန်ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

ထို့ပြင် ကင်းမွန်ငါးဖမ်းရာသီအစတွင် စက်သုံးဆီ‌ဈေးနှုန်းနှင့်ကင်းမွန်ဖမ်းဆီးရရှိမှု အနည်းအများအပေါ်မူတည်ပြီး လုပ်ငန်းများ ဆက်လုပ်မလုပ် ဆုံးဖြတ်ရမည်ဖြစ်ကြောင်း ကင်းမွန်လှေပိုင်ရှင်အချို့က ပြောပြသည်။

“ဘတ်ဈေးတက်နေတာ ကင်းမွန်ဈေးတက်နိုင်တယ်။ ဘယ်လောက်တက်မလဲ စောင့်ကြည့်ရမယ် လောလောဆယ် ရာသီအစဆို လှေမထွက်သေးဘူး၊ အခြေအနေကောင်းမှပဲ ထွက်တော့မယ်” ဟု အင်းလေးမြိုင်ရပ်နေ ကင်းမွန်လှေပိုင်ရှင် တစ်ဦးက ပြောသည်။

ပြီးခဲ့သည့်နှစ်က ကီလိုနှစ်ဆယ်ပါ ကင်းမွန်ဆိုဒ် ( ၁၊ ၂၊ ၃ ) တစ်ဗန်းလျှင် တစ်သိန်းလေးသောင်းကျော် အထိရရှိခဲ့ကြောင်း သိရသည်။

စက်သုံးဆီဈေးနှုန်များ ကျဆင်းမှသာ လုပ်ငန်းများ လုပ်ကိုင်နိုင်ကြမည်ဖြစ်ကြောင်း မြိတ်ခရိုင် ကင်းမွန်ငါးဖမ်းလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတစ်ဦးက ပြောဆိုထားသည်။

ကင်းမွန်ငါးဖမ်းလုပ်ငန်းရာသီမှာ နှစ်စဉ် နိုဝင်ဘာလမှစပြီး ဧပြီလကုန်အထိ လုပ်ကိုင်လေ့ရှိကြသည်။

မြိတ်ဒေသထွက် ကင်းမွန်တို့အား မောတောင်နယ်စပ်နှင့် ကော့သောင်းနယ်စပ်တို့မှတစ်ဆင့် ထိုင်းသို့ တင်ပို့ရောင်းချလေ့ရှိကြသည်။

မြိတ်ခရိုင်အတွင်း ကင်းမွန်မီးထွန်းငါးဖမ်းလှေ အစီးရေနှစ်ထောင်ကျော်ရှိပြီး ရေလုပ်သားဦးရေ နှစ်သောင်းခန့်မှာ ယင်းလုပ်ငန်းအား မှီခိုလုပ်ကိုင်နေကြကြောင်း သိရသည်။