ဘီးလင်းစစ်မှုထမ်းဟောင်းအဖွဲ့  ဒုဥက္ကဋ္ဌဖြစ်သူ အငြိမ်းစားဗိုလ်မှူး ပစ်သတ်ခံရ

0
453

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဒုဥက္ကဋ္ဌ အငြိမ်းစားဗိုလ်မှူး လှဝင်းသိန်း သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ စက်တင်ဘာ ၈ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်က ဘီးလင်းမြို့ ကန်သာယာရပ်ကွက်နေ အငြိမ်းစားဗိုလ်မှူး လှဝင်းသိန်းကို အမည်မသိ သေနတ်သမားတို့က ဆိုင်ကယ်ဖြင့် လာရောက် ပစ်ခတ်သွားခဲ့သည်။

အငြိမ်းစားဗိုလ်မှူး လှဝင်းသိန်းမှာ ရရှိသည့်သေနတ်ဒဏ်ရာများဖြင့် ဘီးလင်းဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

”သေနတ်သမားတွေက သူ့အိမ်အထိ လာပြီး ပစ်သွားတယ်၊ ၄ ချက် ထိသွားတယ်လို့ပြောတယ်၊ ဒဏ်ရာနဲ့ ဆေးရုံကို ပို့တဲ့အချိန်မှာ ဆုံးသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အငြိမ်းစားဗိုလ်မှူး လှဝင်းသိန်းသည် ဘီးလင်းမြို့နယ်အတွင်းက စစ်အာဏာရှင် ဆန့်ကျင်နေသူများကို ဖမ်းဆီးရာတွင် ဦးဆောင်ပါဝင်နေသည့် စစ်တပ်သတင်းပေး ဒလန်၊ ပျူစောထီးတစ်ဦးဖြစ်ကြောင်း သတင်းထွက်နေသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

အငြိမ်းစားဗိုလ်မှူး လှဝင်းသိန်း ပစ်ခတ်ခံရပြီးနောက် ဘီးလင်းမြို့ အဝင်အထွက်နေရာများကို လုံခြုံရေးတင်းကျပ်ထားပြီး မြို့အနှံ့ ပိတ်ဆို့ရှာဖွေ စစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဘီးလင်းမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ သတင်းပေး ဒလန်ဆိုသူများနှင့် နိုင်ငံရေးပါတီဝင်များ ပစ်သတ်ခံရသည့်ဖြစ်စဥ် မကြာခဏဖြစ်ပွားလေ့ရှိသည်။