ထိုင်းတွင် အလုပ်လုပ်ခွင့်ကတ်ရရန် မြန်မာလုပ်သားများ ကျပ်၁ဝသိန်းကျော်ထိ ပိုကုန်ကျ

0
369

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားများ တရားဝင်အလုပ်လုပ်ခွင့်ရရှိရန် လျှောက်ထားရာတွင် သတ်မှတ်ဈေးနှုန်းထက် ကျပ်သိန်း ၁၀ကျော် ပိုမိုကုန်ကျနေကြောင်း မြန်မာအလုပ်သမားများနှင့် အလုပ်သမားအရေးဆောင်ရွက်နေသူတို့က ပြောသည်။

ထိုင်းအစိုးရက အထောက်အထားမဲ့ရွှေ့ပြောင်းအလုပ်သမားများကို တရားဝင် ယာယီနေထိုင် အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ဘတ်) ပြုလုပ်ပေးနေခြင်းဖြစ်သည်။

ယင်းကတ်ပြုလုပ်ရန် လျှောက်ရာတွင် ပွဲစားများကို အားကိုးနေရသဖြင့် မြန်မာအလုပ်သမားများအနေဖြင့် သတ်မှတ် ကုန်ကျစရိတ်ထက် ၄ ဆကျော် ပိုမိုကုန်ကျခံပြုလုပ်နေကြရခြင်းဖြစ်သည်။

ထိုင်းအစိုးရက သတ်မှတ်ချက်အရ ယင်းကတ်လျှောက်ထားရန် ဘတ်ငွေ ၂၅၇၀ သာကုန်ကျသော်လည်း မြန်မာ အလုပ်သမားများမှာ ဘတ် ၁၂၀၀၀ နှင့် ၁၅၀၀၀ အထိပေးနေရကြောင်း စုံစမ်းသိရှိရသည်။

ထို့ကြောင့် ဘတ် ၉၅၀၀ (ကျပ်ရှစ်သိန်းကျော်) မှ ၁၂၅၀၀ (ကျပ် ၁၁သိန်းကျော်) အထိ ပိုမိုကုန်ကျနေခြင်းဖြစ်သည်။

ပန်းရောင်ဘတ်ကတ်ကို ယခုနှစ် ဩဂုတ်လတွင် စတင်လျှောက်ထားခွင့်ပြုခဲ့ခြင်းဖြစ်သည်။

လျှောက်လွှာနှင့် Work Permit အတွက် ဘတ် ၁၀၀၀၊ ဆေးစစ်ခ ဘတ် ၅၀၀၊ လူမှုဖူလုံရေးကြးနှင့် ကျန်းမာရေး အာမခံ ၉၉၀ ဘတ်၊ ပန်းရောင်ဘတ်အတွက် ဘတ် ၈၀ စုစုပေါင်းကုန်ကျစရိတ် ဘတ် ၂၅၇၀ ခန့်သာရှိကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေရှင်း (FED) ထံမှ သိရသည်။

ပန်းရောင်ဘတ်ပြုလုပ်ရာတွင် အလုပ်ရှင်နာမည်ကို ဖော်ပြရသည်။

သို့သော် မြန်မာအလုပ်သမားများသည် ပန်းရောင်ဘတ်ပြုလုပ်ရန် အဆင့်ဆင့်ကို မသိခြင်း၊ သူဌေးရှာမရခြင်းနှင့် လုံခြုံရေးအ‌ရ အဖမ်းခံရမည်စိုးသဖြင့် ပွဲစားများဖြင့်သာ အများစုလုပ်ကိုင်နေခဲ့ကြရသဖြင့် ပိုမိုကုန်ကျနေခြင်း ဖြစ်ကြောင်း မြန်မာအလုပ်သမားများ ထံမှ သိရသည်။

“အခု ဈေးတစ်သောင်းကျော်နေတာက ပွဲစားတွေကနေ လုပ်နေတာပဲ။ နာမည်စာရင်းတင်လို့ ရပြီဆိုတာနဲ့ ပွဲစားတွေ ကနေ တချို့က ထက်ဝက်တောင်း၊ တချို့က အပြည့်တောင်းပြီး လုပ်ပေးနေကြတာပဲ။ အလုပ်သမားတွေက နားမလည်တာများတော့ ပွဲစားတွေက လုပ်စားနေတာ” ဟု FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းမင်းဦးက ဆိုသည်။

အလုပ်ရှင်သည် ဩဂုတ်လ ၁ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း အလုပ်သမားများအတွက် အမည်စာရင်းတင်သွင်းခဲ့ရပြီး ယခင်နှစ်များနှင့် မတူဘဲ အမည်စာရင်း ရရှိလာသူများမှာ တရားဝင်လုပ်ကိုင်ခွင့်ရကြောင်း ၎င်းကဆိုသည်။

ထိုင်းနိုင်ငံအတွင်း တရားဝင်နေထိုင်လုပ်ကိုင်ခွင့် ရရှိရေးအတွက် အဆိုပါအလုပ်သမားကတ်ကို မြန်မာအလုပ်သမား အများစုမှား ချေးငှားလုပ်ကိုင်ခဲ့ရကြောင်း မြန်မာလုပ်သားများထံမှ သိရသည်။

“ဘယ်လိုမှ မတတ်နိုင်ဘူးလေ။ ပွဲစားတွေ တောင်းတဲ့အတိုင်း ၁၂၀၀၀ ပဲ ပေးလိုက်ရတာ။ ရှိလို့တော့ မဟုတ်ဘူး။ ဘတ်မရှိတုန်းက ဘယ်အလုပ်မှ နေ့စားကောင်းကောင်းမရလို့ (ပိုက်ဆံ) အဒေါ်ဆီကနေ ခဏလှည့်ယူလုပ်လိုက် ရတာပဲ” ဟု စူလတ်ဌာနီခရိုင် အအေးခန်းပင်လယ်စာစက်ရုံတွင်ကိုင်သည့် မြန်မာအလုပ်သမားတစ်ဦးက ပြောသည်။

ယခင်က ခြံအလုပ်တွင် တစ်ရက် ၁ဝနာရီလုပ်ရသော်လည်း ဘတ် ၃၀ဝသာရသဖြင့် အလုပ်ထွက်လာခဲ့ပြီး လက်ရှိတွင် ပန်းရောင်ပတ်အတွင် အမည်စာရင်းတင်ခွင့်ရသဖြင့် စက်ရုံတွင် တရားဝင် လုပ်ခွင့်ရနေပြီဟု ၎င်းက ဆိုသည်။

ပန်းရောင်ဘတ်ပြုလုပ်ရန် အလုပ်ရှင် မရှိသူများမှာ အမည်ခံပေးရန် သူဌေးငှားရမ်းခ ဘတ် ၂၀၀၀ ဝန်းကျင်ပါ ပွဲစားကို ထပ်မံပေးဆောင်ရကြောင်း အလုပ်သမားအချို့ထံမှ သိရသည်။

“သူဌေးမရှိ အလုပ်မရှိသေးလို့ဆိုပြီး ပွဲစားက ထက်ဝက်ကြေး ၈၀၀၀ လာယူထားပြီးပြီ။ သူများတွေ Name List တွေ ရနေပေမယ့် ကျွန်တော်တို့ မရသေးသလို အလုပ်လည်း အခုထိမရသေးဘူး” ဟု ထိုင်းသို့ တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်လာပြီး ချွန်ဖွန်ခရိုင်တွင်ရောက်ရှိနေသည့် မြန်မာအလုပ်သမားတစ်ဦးက ဆိုသည်။

ပန်းရောင်ဘတ် မရှိလျှင်လည်း ထိုင်းရဲဖမ်းဆီးအရေးယူမည်ကို စိုးရိမ်သဖြင့် ငွေပိုကုန်ကျသော်လည်း လုပ်နေရကြောင်း မြန်မာအလုပ်သမားများက ပြောသည်။

“ပုလိပ်အဖမ်းခံရလို့ ပြန်သွားထုတ်ရင် အနည်းဆုံး ဘတ်တစ်သောင်းအထက်မှာရှိတယ်။ ဒါတောင်အနိမ့်ဆုံး ပြောထား တာ။ ညှိလို့ရဦးမှ၊ မရရင် တစ်သောင်းထက်ပိုပေးရင်ပေး မပေးနိုင်ရင် ထောင်ကျခံ၊ ဒါပဲရှိတယ်” ဟု မဟာချိုင်ရှိ ပုဇွန်စက်ရုံတစ်ရုံတွင် လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားတစ်ဦးက ပြောဆိုသည်။

၂၀၂၁ ခုနှစ်အတွင်းကလည်း ထိုင်းအစိုးရက ပန်းရောင်ဘတ်ကို နှစ်ကြိမ်အထိပြုလုပ်ပေးခဲ့ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၃ ရက်နေ့အထိ မှတ်ပုံတင်ပြုလုပ်သူများ တရားဝင်ကုန်ကျငွေ ၉၁၈၀ ဘတ် ရှိခဲ့သည်။

သို့သော်လည်း ယခု ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် ပြုလုပ်ပေးရာတွင် ယခင်နှစ် တရားဝင်ကုန်ကျငွေထက် များစွာ သက်သာခဲ့ပြီး တရားဝင်ကုန်ကျစာရိတ်မှာ ဘတ် ၃၀၀၀ ဝန်းကျင်သာရှိခဲ့ကြောင်း ဘန်ကောက်အခြေစိုက် မြန်မာအလုပ်သမားသံအရာရှိရုံးထံမှ သိရသည်။

ပန်းရောက်ဘတ်ပြုလုပ်ပေးရန် ထိုင်းအစိုးရက ယခုနှစ် ဇူလိုင်လ ၅ ရက်နေ့ အစည်းအဝေးတွင် အတည်ပြုပေးခဲ့သည်။

ယင်းကတ်အရ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့အထိ နေထိုင်လုပ်ကိုင်ခွင့် သက်တမ်းရရှိမည်ဖြစ်ပြီး နောက်ထပ် သက်တမ်း ၂ ကြိမ်တိုးနိုင်သေးသည်။