ဆိုင်ကယ်တွင် အမျိုးသားတင်ခွင့်မရသဖြင့် မြိတ်က ကယ်ရီသမားများ ဝင်ငွေထိုးကျ

0
509
ပုံစာ - မြိတ်ဆိပ်ကမ်းတစ်ခုမှ ဆိုင်ကယ်ကယ်ရီဂိတ်

ဆိုင်ကယ်တွင် အမျိုးသား တင်ခွင့်မရသည့်အတွက် မြိတ်မြို့ရှိ ဆိုင်ကယ် ကယ်ရီသမားများ ဝင်ငွေထိုးကျလာ နေကြောင်း ကယ်ရီမောင်းသူများထံမှ သိရသည်။

မြိတ်မြို့တွင် အမျိုးသားနှစ်ဦး ဆိုင်ကယ်တစ်စီးတည်း အတူမစီးရအမိန့်ကို စစ်ကောင်စီက ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ကပင် ထုတ်ပြန်ထားသည်။

သို့သော်လည်း စစ်ဆေးဖမ်းဆီးခြင်းကို တင်းတင်းကျပ်ကျပ် မလုပ်သဖြင့် မြို့ခံပြည်သူများနှင့် ကယ်ရီမောင်းသူများက ယခင်ပုံမှန်အတိုင်း မောင်းနှင်သွားလာခဲ့ကြသည်။

ဩဂုတ်လဆန်းပိုင်းတွင်မူ မြိတ်မြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့များ၏ ကားများ မိုင်းဆွဲခံရခြင်း၊ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များက ပစ်သတ်ခံရမှု ဆက်တိုက်ဖြစ်လာခဲ့သည်။ ယင်းအပြင် ပျူစောထီးများကို မြိတ်ပြည်သူ့ကာကွယ်ရေး (ပကဖ) အဖွဲ့က အမည်နှင့်တကွ သတိပေးချက်ထုတ်ထားသည်။

ယင်းနောက် ဩဂုတ်လတွင်ပင် အမျိုးသားနှစ်ဦး တစ်စီးတည်းအတူစီးနင်းခြင်းကို စစ်ကောင်စီက လုံးဝခွင့် မပြုတော့ဘဲ တင်းတင်းကျပ်ကျပ် ပိတ်ဆို့ဖမ်းဆီးခြင်းများ ပြုလုပ်လာခဲ့ကြောင်း ဒေသခံများနှင့် ကယ်ရီမောင်းသူများ က ပြောသည်။

“အခုက အမျိုးသား လုံးဝတင်လို့ မရတော့ဘူး။ တွေ့ရင်ဖမ်းပဲ” ဟု ကယ်ရီမောင်းသူ အမျိုးသားတစ်ဦးက ဆိုသည်။

ဆိုင်ကယ်တွင် နောက်က အမျိုးသမီးသာ တင်ခွင့်ရပြီး အမျိုးသား မတင်ရသည့်အတွက် လက်ရှိအချိန်တွင် ကယ်ရီ မောင်းသူအများစု ဝင်ငွေလျော့နည်းလာကြောင်း ကယ်ရီမောင်းသူများက ပြောဆိုသည်။

တစ်နေ့ဝင်ငွေ ကျပ်တစ်သောင်းခွဲဝန်းကျင် ပုံမှန်ရရှိနေရာမှ လက်ရှိအချိန်တွင် ကျပ်ငါးထောင်ခန့်သာ ရရှိတော့သဖြင့် စားဝတ်နေရေးကျပ်တည်းလာကြောင်း ကယ်ရီမောင်းသူများအချို့ကို မေးမြန်းချက်အရ သိရသည်။

“တစ်နေ့ သုံးလေးထောင်ရအောင် မနည်းလုံးပန်းနေရတယ်။ အမျိုးသားတွေ လာခေါ်ရင်လည်း မလိုက်ရဲဘူး။ စားဝတ်နေရေးက တအားကျပ်လာပြီ” ဟု ကယ်ရီမောင်းသူ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

အမျိုးသားနှစ်ဦး အတူစီးလာသည့် ဆိုင်ကယ် အစစ်အဆေးမခံဘဲ မောင်းပြေးလျှင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်ခြင်း၊ ကားဖြင့် ပိတ်ဆို့တိုက်ဖမ်းခြင်းစသည့် ဖြစ်စဉ်များလည်း ရှိခဲ့ကြောင်း ကယ်ရီမောင်းသူများ က ဆိုသည်။

ဩဂုတ် ၂၄ ရက်ကလည်း လူငယ် သုံးဦးတစ်စီးတည်း အတူစီးလာစဉ် အစစ်ဆေးမခံဘဲ ဆက်လက်မောင်းနှင် သွားသဖြင့် စစ်ကောင်စီတပ်က ပစ်ခတ်သောကြောင့် နှစ်ဦးသေဆုံးခဲ့သည်။

ထို့ကြောင့် အမျိုးသားများကို မတင်ရဲတော့ကြောင်း ဆိုင်ကယ်ကယ်ရီသမားအချို့က ပြောသည်။

“အရင်က လှေသားတွေ ကမ်းပေါ်တက်လာရင် (ကယ်ရီသမားတွေက) သူခေါ်ငါခေါ်ပဲ။ အခုတော့ (လှေသားက) လာခေါ်ရင်တောင် မလိုက်ရဲကြတော့ဘူး” ဟု ကယ်ရီမောင်းသူ အသက် ၆၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရလျှင် ပေးဆောင်ရသည့် ဒဏ်ကြေးကလည်း ကြီးမားကြောင်း ကယ်ရီသမားများက ဆိုသည်။

“နှစ်ယောက်စီးလာလို့ ဖမ်းမိရင်တော့ သုံးသောင်းကနေ ငါးသောင်းပဲ။ ရတာက တစ်ထောင်၊ နှစ်ထောင်” ဟု ကယ်ရီမောင်းသူတစ်ဦးက ပြောဆိုသည်။

ယင်းကြောင့် ကယ်ရီသမားအများစုမှာ ညည်းတွားနေကြပြီး အခြားအလုပ် ပြောင်းလဲလုပ်ကိုင်ရန် စဉ်းစားလာနေကြပြီဟုလည်း ပြောဆိုကြသည်။