မြိတ်တွင် နိုင်ငံရေးအကျဉ်းသား ၂ဝနီးပါး ပြန်လွတ်

0
242
၂၀၂၁ ခုနှစ် ဒီဇင်ဘာက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်ပြန်လွှတ်လာသည့် နိုင်ငံရေးအကျဉ်းသားများ

မြိတ်ခရိုင် အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသား ၂၀ နီးပါး ယနေ့ ပြန်လည်လွတ်မြောက် လာကြောင်း ပြန်လွတ်လာသူများနှင့်နီးစပ်သူများထံမှ သိရသည်။

ယနေ့ (စက်တင်ဘာ ၁) နံနက်တွင် လွတ်ရက်စေ့သဖြင့် အမျိုးသား ၂၁ဦး၊ အမျိုးသမီး ၄ဦး စုစုပေါင်း အကျဉ်းသား ၂၅ ဦး လွတ်မြောက်လာကြောင်း ၎င်းတို့ထံမှ သိရသည်။

ယင်းအနက် ၁၉ ဦးသည် နိုင်ငံရေးပုဒ်မများဖြင့် အကျဉ်းကျနေသူများဖြစ်ပြီး ကျန်သူများမှာ အခြားပြစ်မှုများဖြင့် အကျဉ်းသားများဖြစ်ကြောင်း ပြန်လွတ်လာသူများနှင့် နီးစပ်သူများကို မေးမြန်းချက်အရ သိရသည်။

“၁၉ ဦးထဲမှာ နိုင်ကျဉ်းနဲ့ အမျိုးသမီးတစ်ဦးပါပါတယ်။ ကျန်တာအမျိုးသားတွေပဲ” ဟု ပြန်လွတ်လာသူအချို့နှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။

ယခုလွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ဆန္ဒပြစစ်ကြောင်း၌ အဖမ်းခံခဲ့ရသူများ ဖြစ်ကြောင်း ပြန်လွတ်လာသူများနှင့် နီးစပ်သည့်အသိုင်းအဝိုင်းထံမှ သိရသည်။

“ဒီလထဲ တစ်ကြိမ်ထပ်လွှတ်မယ်လို့ သိရတယ်။ အဲဒါလေးပဲ မျှော်နေရတယ်” ဟု ယနေ့ နံနက်ပိုင်းက မြိတ်အကျဉ်း ထောင်ရှေ့ သွားရောက်စောင့်ဆိုင်းခဲ့သူ အကျဉ်းသူတစ်ဦး၏မိခင်က ပြောသည်။

အကျဉ်းသားများ ပြန်လွှတ်မှုနှင့် ပတ်သက်ပြီး မြိတ်အကျဉ်းထောင် တာဝန်ရှိသူတစ်ဦးထံ Dawei Watch က
ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်တွင် မြိတ်သပိတ်စစ်ကြောင်း စတင်ဖြိုခွင်းခံရသည့် နေ့ဖြစ်သည်။

ယင်းနေ့က သပိတ်စစ်ကြောင်းသည် သိမ်တော်ကြီးနှင့် လွတ်လပ်ရေးကျောက်တိုင်အနီးတွင် ပစ်ခတ်ဖြိုခွင်းခံရခြင်းဖြစ်ပြီး ဆန္ဒပြသူများစွာ ဖမ်းဆီးခံရကာ ပရဟိတ ကားသမားများအပါအဝင် ၁၀ ဦးထက် မနည်းလည်း ထိခိုက်ဒဏ်ရာရခဲ့သည်။

ဆန္ဒပြလူငယ်အချို့မှာ ယင်းအနီးရှိ ပြည်တော်သာဆိပ်ကမ်းမှ ပင်လယ်ထဲအထိ ခုန်ချထွက်ပြေးခဲ့ကြရသည်။