ထားဝယ်ခရိုင် လျှပ်စစ်မီတာခ တရိပ်ရိပ်တက်လာ၊ တစ်ယူနစ် သုံးရာကျော်ပြီ

0
458

ထားဝယ်ခရိုင် လျှပ်စစ်မီတာခဈေးနှုန်းသည် အာဏာသိမ်းပြီးနောက်ပိုင်း လစဉ်နီးပါး တရိပ်ရိပ်ဈေးတက်လာနေပြီး ဇူလိုင်လအတွက် သုံးစွဲခမှာမူ တစ်ယူနစ် ၃၄၂ ကျပ်အထိ ဖြစ်လာသည်။

ထားဝယ်ခရိုင်သည် အာဏာသိမ်းပြီးနောက်ပိုင်း အခြားပြည်နယ်နှင့် တိုင်းများကဲ့သို့ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု မရှိသော်လည်း မီတာခဈေးနှုန်းကို အဆများစွာပိုပေးပြီး လျှစ်စစ်မီးအသုံးပြုနေရခြင်းဖြစ်သည်။

အာဏာမသိမ်းခင်တစ်လအလို ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် တစ်ယူနစ် ၂၁၀ ကျပ်သာရှိသော်လည်း အာဏာသိမ်းပြီး ၁၈ လ (တစ်နှစ်နဲ့ ခြောက်လ) အကြာ ၂၀၂၂ ခုနှစ် ဇူလိုင်တွင်မူ တစ်ယူနစ် ၃၄၂ ကျပ်သို့ မြင့်တက်သွားခဲ့သည်။

အာဏာမသိမ်းခင်ကထက် တစ်ယူနစ် ၁၃၂ ကျပ် ကွာဟမြင့်တက်သွားခြင်းဖြစ်သည်။

လက်ရှိထားဝယ်ခရိုင်အား လျှပ်စစ်မီးဓာတ်အားဖြန့်ဖြူးနေသော Petro and Trans ကုမ္ပဏီသည် NLD အစိုးရလက်ထက် ၂၀၂၀ ခုနှစ်တွင် တင်ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီတစ်ခုဖြစ်သည်။

တင်ဒါအောင်ဈေးနူန်းမှာ တစ်ယူနစ် ၂၃၀ ကျပ်ဖြစ်သည်။

၎င်းတင်ဒါအောင်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါကလည်း တစ်ယူနစ် ၁၀၄ ကျပ်အထိ ကွာဟမြင့်တက်နေသည်။

မီးပျက်၊ မီးပြတ်ဖြစ်လျှင် ထားဝယ်ခရိုင် Facebook Page မှတစ်ဆင့် အချိန်နှင့်တပြေးညီ အသိပေးလေ့ရှိသော Petro and Trans ကုမ္ပဏီသည် လျှပ်စစ်မီတာခဈေးတက်မည့်အကြောင်းကိုမူ ပြည်သူကို တစ်ကြိမ်မျှ ကြိုတင် အသိပေးဖူးခြင်း မရှိပေ။

ဒေါ်လာဈေးတက်၊ မြန်မာကျပ်ငွေ တန်ဖိုးကျနေသဖြင့် မီတာခတက်ရသည်ဟု နားလည်လက်ခံပေးနိုင်သော်လည်း တင်ဒါအောင်ဈေးနှုန်းထက် ပိုမိုကောင်ခံနေခြင်းအကြောင်းအား ရှင်းပြသင့်ကြောင်းနှင့် မီတာခတက်မည့်အကြောင်း ကြိုတင်အသိမပေးခြင်းကို မီးသုံးစွဲသည့် ပြည်သူအချို့က ကုမ္ပဏီကို မေးခွန်းနေကြသည်။

“ရှင်းရှင်းပြောရရင်တော့ အာဏာနဲ့ အုပ်ချုပ်တဲ့ခေတ်ဆိုတော့ (လျှပ်စစ်မီးသုံးစွဲတဲ့) ပြည်သူကို အလေးမထားတော့ဘူး ဆိုတဲ့ သဘောလို့မြင်တယ်။ ဒီမိုကရေစီခေတ်မှာ ဒါမျိုးသူဘယ်လုပ်ရဲမှာလဲ” ဟု ထားဝယ်ဒေသခံ အသေးစား လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

Dawei Watch အနေဖြင့်လည်း လစဉ်နီးပါးမီတာခမြင့်တက်နေသည့်ကိစ္စ၊ တင်ဒါအောင်ဈေးနှုန်းထက် ကွာဟနေသည့်ကိစ္စနှင့် ထားဝယ်ခရိုင် လျှပ်စစ်မီးနှင့်ပတ်သတ်သည့်ကိစ္စမေးမြန်းရန် ကုမ္ပဏီသို့ ယခင်က ဆက်သွယ်မေးမြန်းနေကျ ဖုန်းနံပါတ်များသို့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ဖူးသည်။

ဆက်သွယ်မရသဖြင့် ဩဂုတ်လ ပထမအပတ်က ကုမ္ပဏီ၏ Admin Team ထံဆက်သွယ်ပြီး မေးမြန်းရန် ကြိုးစားခဲ့‌သေးသည်။

သို့သော်ပြန်လည်အကြောင်းပြန်ကြားမည်ဟု ပြောဆိုခဲ့သော်လည်း ဆက်သွယ်လာခြင်း မရှိတော့ပေ။

စစ်ကောင်စီခန့် တနင်္သာရီတိုင်း ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးတစ်ဦးကမူ ကုမ္ပဏီအနေဖြင့် တစ်ခါတစ်ရံ ဒီဇယ်ကို အသုံးပြုပြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနေရခြင်း၊ တင်ဒါအောင်ဈေးနှုန်းမှာ တသတ်မတ်တည်းသတ်မှတ်ထားခြင်းမရှိဘဲ စက်သုံးဆီဈေးနှုန်း အတက်၊ အကျအပေါ်မူတည်ပြီး ယူနစ်ဈေးနှုန်းပြောင်းလဲသတ်မှတ်ခြင်းဖြစ်ကြောင်း ပြောဆိုသည်။

“တင်ဒါအောင်ဈေးနှုန်းက တသမတ်တည်းမဟုတ်ဘူး။ တင်ဒါအောင်ပြီး ခြောက်လလားမသိဘူး အဲဒီလောက်ပဲရှိတယ်။ ကျန်တဲ့လတွေဆိုရင် စက်သုံးဆီဈေးနှုန်း အပြောင်းအလဲပေါ်မူတည်ပြီး တွက်ချက်သွားရတာ” ဟု ၎င်းပြောဆိုသည်။

ပုံမှန်အားဖြင့် ကုမ္ပဏီသည် ထားဝယ်ခရိုင်သို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရန်အတွက် ဂက်စ်အင်ဂျင်များကိုသာ အသုံးပြု နေခြင်း ဖြစ်သော်လည်း လျှပ်စစ်မီပြတ်တောက်မှုဖြစ်ပေါ်သောအခါ ဒီဇယ်သုံးအင်ဂျင်များကို မောင်းနှင်ပြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးလေ့ရှိသည်။

ပြည်သူအချို့မှာလည်း လျှပ်စစ်မီတာခ မပေးသွင်းကြသဖြင့် ကုမ္ပဏီအနေဖြင့် လုပ်ငန်းလည်ပတ်ရန် အခက်တွေ့နေကြောင်းလည်း ယခုနှစ်ထဲ နှစ်ကြိမ်ထုတ်ပြန်ခဲ့ဖူးသည်။ အသေးစိတ်ကိုမူ ထုတ်ပြန်ခြင်းမရှိပေ။

ထားဝယ်ခရိုင်၏ လျှပ်စစ်မီတာခမှာ စက်သုံးဆီဈေးနှုန်းအပေါ်မူတည်ပြီး တွက်ချက် သတ်မှတ်ကောက်ခံခြင်း ဖြစ်သောကြောင့် နောက်ပိုင်းတွင်လည်း ဈေးနှုန်း အပြောင်းအလဲရှိလာနိုင်သည်။