ရုရှားနိုင်ငံသားများကို ဥရောပသမဂ္ဂ ဗီဇာပြည်ဝင်ခွင့် တင်းကျပ်ပြီ

0
401

မော်စကိုအစိုးရနှင့် သဘောတူထားခဲ့သော ဗီဇာသဘောတူညီချက်များကို ဆိုင်းငံ့ရန်အတွက် ဥရောပသမဂ္ဂနိုင်ငံခြားရေး ဝန်ကြီးများက သဘောတူလိုက်ပြီး ရုရှားနိုင်ငံသားများအနေဖြင့် ဥရောပဘက်သို့ ဝင်ရောက်ရန် ခက်ခဲသွားမည်ဖြစ်ကြောင်း BBC သတင်းက ဖော်ပြထားသည်။

ယူကရိန်းနှင့် အချို့နိုင်ငံများက လုံးဝပိတ်ပင်ပစ်ရန် တောင်းဆိုထားသော်လည်း ပြင်သစ်နှင့် ဂျာမနီတို့က လုံးဝပိတ်ရေးကို ဆန့်ကျင်ထားသည်။

ရုရှားက ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ယူကရိန်းကို စတင် ကျူးကျော်ဝင်ရောက်ခဲ့ပြီးနောက် ရုရှားနိုင်ငံသား တစ်သန်းခန့် ဥရောပသို့ ခရီးသွားလာခဲ့သည်။

ရုရှားနှင့် နယ်နမိတ်ချင်း ထိစပ်နေသော ဥရောပအရှေ့ဖျားနိုင်ငံများသည် ကန့်သတ်မှုများ တိုးမြှင့်ပြုလုပ်ကြဖွယ်ရှိသည်။

EU သည် ကိုယ့်ခြေထောက်ကိုယ် သေနတ်ဖြင့်ပစ်ခြင်း ဖြစ်ကာ၊ ယင်းသို့ ဆောင်ရွက်ချက်က တုန့်ပြန်မှုကြုံရမည် ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေး ဒုတိယဝန်ကြီး အလက်ဇန်းဒါးဂလက်ရှ်ကို က ပြောကြားသည်။

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရိုကူလီဘာ ကမူ EU ၏ ဆောင်ရွက်ချက်သည် တစ်ဝက်တစ်ပျက်သာ ဖြစ်နေကြောင်း ပြောကြားခဲ့သည်။

ရုရှားဘက်မှ နယ်စပ်ဖြတ်ကျော် လာရောက်မှုများ သိသိသာသာတိုးမြှင့်လာနေသဖြင့် EU-ရုရှား ပြည်ဝင်ခွင့် သဘောတူညီချက်များကို ဆိုင်းငံ့ရခြင်းဖြစ်ကြောင်း EU နိုင်ငံခြားရေးမူဝါဒအကြီးအကဲ ဂျိုဆက်ဘော်ရယ် က ပြောကြားသည်။