ခင်ပွန်းဖြစ်သူ ပစ်သတ်ခံရပြီးတစ်နှစ်အကြာတွင် ဇနီးဖြစ်သူ ပစ်ခတ်ခံရ

0
395

လောင်းလုံးမြို့နယ် သဘော့ဆိပ်ပြင်ကြီးရွာတွင် ယနေ့ (စက်တင်ဘာ ၁) နံနက်စောစောပိုင်းက အသက် ၄၀ ဝန်းကျင် အရွယ်ရှိ အမျိုးသမီးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

ပစ်ခတ်ခံရသူမှာ ယင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဦး၏ဇနီး ဒေါ်မီးဝေ ဆိုသူဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ဦးဇော်မျိုးဦးမှာလည်း ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် ပစ်သတ်ခံခဲ့ရသည်။

ယနေ့ နံနက် ၅နာရီခန့်တွင် အမည်မသိ လက်နက်ကိုင်လူတစ်စုက ဒေါ်မီးဝေ နေအိမ်ပေါ်သို့ တက်ပြီး သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“သေနတ်နဲ့ တစ်ချက်ပစ်သွားတယ်လို့ ပြောတယ်” ဟု၎င်းက ပြောဆိုသည်။

သို့သော် ဒေါ်မီးဝေကို မည်သည့်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်သွားခဲ့သည်ကို Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

PDF အဖွဲ့နှစ်ဖွဲ့ဖြစ်သည့်လောင်းလုံးမြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ LLPDF နှင့် DDT အဖွဲ့ကမူ သဘော့ဆိပ် ပျူစောထီးအဖွဲ့၏ လက်ချက်ဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်သည်။

အဆိုပါအမျိုးသမီးထံမှ ရွှေနှင့် ငွေအပါအဝင် ဖုန်းတစ်လုံးနှင့် ဆိုင်ကယ်တစ်စီးကို ယူဆောင်သွားပြီး ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဒေါ်မီးဝေတွင် ဒဏ်ရာစိုးရိမ်ရပြီး ဆေးကုရန် ထားဝယ်မြို့သို့ ယူဆောင်သွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

ပြီးခဲ့သည်နှစ် စက်တင်ဘာ ၉ ရက်နေ့က ခင်ပွန်းဖြစ်သူ ပစ်သတ်ခံရပြီးနောက် တစ်နှစ်ခန့်အကြာတွင် ဇနီးဖြစ်သူ ထပ်မံပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ခင်ပွန်းသည် ဦးဇော်မျိုးဦးကို လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ပေါင်းစုအဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ခဲ့သည်။