ကွမ်းသီးအဟောင်း တစ်ပိဿာ ရှစ်ထောင်ကျပ်အထိဖြစ်လာ

0
568

ထားဝယ်ခရိုင်တွင် ကွမ်းသီးခြောက်အဟောင်း အရည်အသွေးကောင်း (ပါကင်) တစ်ပိဿာ ငွေကျပ်ရှစ်ထောင်ခန့် အထိ ဈေးတက်လာကြောင်း ပွဲရုံအချို့ထံက သိရသည်။

ဩဂုတ်လ ၂၁ ရက်နေ့အထိ ကွမ်းသီးခြောက် တစ်ပိဿာလျှင် ၇၅၀၀ ကျပ်ခန့်သာ ဈေးရှိသော်လည်း ယခုရက်ပိုင်း အတွင်း ကျပ်ရှစ်ထောင်ခန့်ဖြစ်လာခြင်းဖြစ်ကြောင်း ထားဝယ်မြို့ပေါ်မှ ကွမ်းသီးခြောက်ပွဲရုံအချို့ထံမှ သိရသည်။

၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် ရာသီအဖွင့်ဈေးမှာ တစ်ပိဿာ ၆၅၀၀ ကျပ်ခန့်ဖြင့် စတင်ဝယ်ခဲ့ပြီးနောက် တဖြေးဖြေး ဈေးတက်လာရာ ယခု ဩဂုတ်လ ၂၁ ရက်နောက်ပိုင်းတွင် ၈၀၀၀ ကျပ်ခန့်အထိ ဈေးတက်လာကြောင်း ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်မှ ကွမ်းသီးပွဲရုံပိုင်ရှင် အမျိုးသားတစ်ဦးက ပြောသည်။

အရည်အသွေးကောင်းသည့် ကွမ်းသီးခြောက် (ပါကင်) ပွဲရုံဈေးမှာ တစ်ပိဿာ ၈၀၀၀ ကျပ်ခန့်ရှိပြီး အရည်အသွေး ပေါ်မူတည်၍ ဈေးနှုန်းအနည်းငယ်ကွာဟမှုရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ကျေးလက်ဒေသများတွင် လက်ရှိပေါက်ဈေး ၇၄၀၀ ကျပ်ခန့်သာရှိသည်ဟု ဒေသခံအချို့က ပြောသည်။

ဒေါ်လာဈေး၊ ဘတ်ဈေးတက်လာခြင်း၊ ငွေကြေးဖောင်းပွမှုမြင့်လာခြင်းကြောင့် ကျပ်ငွေတန်ဖိုးကျဆင်းလာသဖြင့် ကွမ်းသီးဈေးတက်လာခြင်းဖြစ်နိုင်ကြောင်း ပွဲရုံလုပ်ငန်းရှင်အချို့က သုံးသပ်သည်။

လက်ရှိတွင် ကွမ်းသီးအဟောင်းလက်ကျန်သိုလှောင်ထားသူအချို့နှင့် ပွဲရုံအချို့တွင်သာ အရောင်းအဝယ်ရှိနေကြောင်း တောင်ပို့ကျေးရွာမှ ပွဲရုံလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့်နှစ်က ကွမ်းသီးအစိမ်းနုတစ်လုံး ၃၄ ကျပ်ခန့်သာရှိသော်လည်း ယခုနှစ်ကွမ်းသီးသစ် စထွက်သည့် ဩဂုတ်လတွင် တစ်လုံး ၄၅ကျပ်ခန့် ပေါက်ဈေးရှိနေကြောင်း သရက်ချောင်းမြို့နယ် ပိတိုင်ကျေးရွာမှ ကွမ်းသီးခြံလုပ်ငန်းလုပ်ကိုင်နေသည့် အမျိုးသားတစ်ဦးကပြောသည်။

ပြီးခဲ့သည့် ရာသီဖြစ်သည့် ၂၀၂၀ ပြည့်နှစ် ရာသီအဖွင့်ဈေးမှာ တစ်ပိဿာ ကျပ်လေးထောင်ကျော် ဈေးပေါက်ရာမှာ ၂၀၂၁ ခုနှစ် စက်တင်ဘာလကုန်ပိုင်းတွင် ၁၀၅၀၀ ကျပ်အထိဖြစ်ခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။