ထိုင်းသို့ တရားမဝင် ဝင်လာသည့် မြန်မာလုပ်သားများပါသောကား သစ်ပင်ဝင်တိုက်၊ သုံးဦးသေဆုံး

0
540

ထိုင်းနိုင်ငံတောင်ပိုင်း နခွန်စီထမရတ်ခရိုင်တွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာအလုပ်သမားများလိုက်ပါလာ သည့်ကား ယနေ့ (ဩဂုတ် ၁၇) နံနက်ပိုင်းတွင် လမ်းဘေးရှိ သစ်ပင်ကိုဝင်တိုက်မိသဖြင့် မြန်မာအလုပ်သမားသုံးဦး သေဆုံးသွားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

နခွန်စီထမရတ်ခရိုင် ကျူလာဖွန် (Chulabhorn) ဒေသရှိ အမှတ် ၄၂ အာရှလမ်းမကြီးပေါ်တွင် ယနေ့ နံနက် ၁၁ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းကားမှာ ရနောင်းခရိုင်မှတဆင့် မောင်းနှင်လာခြင်းဖြစ်သည်ဟုဆိုသည်။

ပစ်ကပ်ကားသည် အရှိန်မထိန်းနိုင်ဘဲ သစ်ပင်ကို ဝင်တိုက်မိခြင်းဖြစ်ပြီး သုံးဦးသေဆုံးသည့်အပြင် လေးဦးထက် မနည်းလည်း ဒဏ်ရာပြင်းထန်စွာရရှိကာ အလုပ်သမားအများစုမှာ ကြောက်လန့်ကာ ထွက်ပြေးသွားခဲ့ကြကြောင်း သတင်းတွင် ရေးသားထားသည်။

သေဆုံသူများနှင့် ဒဏ်ရာရရှိသူများကို အနီးအနားရှိ ကျူလာဖွန်ဆေးရုံ၊ လွန်ဖိဘုန်ဆေးရုံ နှင့် မဟာရတ်နခွန်စီထမရတ်ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း ဖော်ပြထားသည်။

ကားတိုက်မှုဖြစ်ရာနေရာတွင် အဖြူရောင်ပစ်ကပ်ကားသည် လမ်းဘေးရှိ သစ်ပင်ကို ဝင်တိုက်မိထားကာ ကားမှာ ပြောင်းပြန်လှန်ဇောက်ထိုးပုံစံအတိုင်းရှိနေခဲ့ပြီး လုံးဝပျက်စီးနေခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း ဖော်ပြထားသည်။

ကားနောက်ဘက်တွင် မြန်မာအလုပ်သမား အမျိုးသား သုံးဦးသေဆုံးနေခဲ့ကာ လေးဦးမှာ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရကြောင်း သတင်းများတွင် ဖော်ပြထားသည်။

မြန်မာအလုပ်သမား ၂၀ ကျော်နှင့် ကားသမားတို့ ထွက်ပြေးသွားခဲ့ကြသဖြင့် ရဲတပ်ဖွဲ့များက အချို့ကို လိုက်လံ ခေါ်ဆောင်ခဲ့ရပြီး ကျန်နေသေးသူများကို ထပ်မံရှာဖွေနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

မြန်မာအလုပ်သမား ၃၃ ဦးကို ရနောင်းခရိုင်မှတဆင့် တင်ဆောင်လာခဲ့ကာ အာရှလမ်းမကြီးတစ်လျှောက် မောင်းနှင် လာခြင်းဖြစ်ပြီး ၎င်းတို့သည် မလေးရှားတွင် အလုပ်သွားရောက်လုပ်ကိုင်မည့်သူများဖြစ်ကြောင်း ရေးသားထားသည်။

မျက်မြင်သက်သေ၏ ပြောကြားချက်အရ ကားမှ ပေါက်ကွဲသံတစ်ခုကြားပြီးနောက် ထိန်းချုပ်၍မရဘဲ အရှိန်လွန်ကာ လမ်းဘေးရှိ သစ်ပင်ကို ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

သေဆုံးသွားသော မြန်မာအလုပ်သမားများ၏ အချက်အလက်များကို ရရှိရန် ကြိုးစားနေဆဲဖြစ်ပြီး ဒဏ်ရာမရှိသော မြန်မာအလုပ်သမားများကို ထိုင်းဥပဒေများအရ ဆက်လက်အရေးယူနိုင်ရန်အတွက် စစ်ဆေးအရေးယူသွားမည်ဟု ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Ref: นสพ.แนวหน้า, RESCUE.TAITECKTUNG.CHAUAT