ချောင်းဆုံတွင် တောင်မြေပြိုမှု ဆက်တိုက်ဖြစ်

0
464

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ပြိုမှုများ ဆက်တိုက် ဖြစ်ပွားနေကြောင်း ဒေသခံများနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

ဩဂုတ်လ ၁၅ ရက်နေ့ညကစပြီး အဆက်မပြတ် သည်းထန်စွာရွာသွန်းနေသည့် မိုးကြောင့် ယနေ့ ဩဂုတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ချောင်းဆုံမြို့နယ် ကလော့ကျေးရွာတွင် တောင်မြေပြိုမှုဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။

တောင်မြေပြိုမှုကြောင့် ကလော့ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးနှင့် နေအိမ် လေးလုံး ထိခိုက်ပျက်စီးသွားပြီး လူထိခိုက်မှုမရှိကြောင်း ဒေသခံတို့က ပြောသည်။

“အိမ်တွေက တောင်အောက်မှာရှိနေတော့ အိမ်ပေါ်ကို ပြိုကျသွားတာပေါ့။ လူတော့ ထိခိုက်တာမရှိဘူး” ဟု ကလော့ရွာခံတစ်ဦးက ဆိုသည်။

ချောင်းဆုံမြို့နယ် ကဒါကျေးရွာတွင်လည်း ယနေ့နံနက်ပိုင်းက တောင်မြေပြိုမှုဖြစ်ပွားခဲ့ပြီး နေအိမ် ၂ လုံး ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

တောင်ပြိုမှု ထပ်ဖြစ်လာမည်ကို စိုးရိမ်သည့်အတွက် နေအိမ်ထိခိုက်သွားသူတို့နှင့် အနီးဝန်းကျင်က နေအိမ် ၁၀ အိမ်ခန့်ကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ထားရကြောင်း ၎င်းတို့ထံမှ သိရသည်။

“တောင်ပြိုမှုကြောင့် လူထိခိုက်တာတွေတော့ မရှိဘူး။ တောင်ပြိုတာ ထပ်ဖြစ်လာမှာစိုးလို့ အနီးအနားက အိမ်တွေကိုလည်း ပြောင်းရွှေ့ထားရတယ်” ဟု လူမှုကယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဩဂုတ်လ ၁၆ ရက်နေ့ကလည်း အပြိုင်ကျေးရွာတွင် မြေပြိုမှုဖြစ်ပွားခဲ့ပြီး လူနေအိမ်အချို့ ထိခိုက်ပျက်စီးမှုရှိခဲ့သည်။

ဩဂုတ်လ ၆ ရက်နေ့ကလည်း ညောင်လမ်းကျေးရွာတွင် မြေပြိုပြီး နေအိမ်တစ်လုံး ထိခိုက်ပျက်စီးသွားခဲ့သည်။

ချောင်းဆုံမြို့နယ် အပါအဝင် တစ်ပြည်နယ်လုံးတွင် မိုးအဆက်မပြတ် ဆက်လက်ရွာသွန်းနေခြင်းကြောင့် တောင်ပြိုမှု ထပ်ဖြစ်နိုင်သည့်အတွက် သတိထားနေထိုင်ကြရန်လိုအပ်ကြောင်း ဒေသခံတို့က ပြောသည်။

မွန်ပြည်နယ်အတွင်း ၂၀၁၉ ခုနှစ်က ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာတွင် တောင်ပြိုမှုဖြစ်ပွားခဲ့ပြီး လူရာနှင့်ချီ သေဆုံးခဲ့သည်။