ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ် ၆ နှစ်ထပ်မံချမှတ်ခံရ

0
1139

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွပ်စွဲထားသည့် အဂတိလိုက်စားမှု လေးမှုအတွက် ယနေ့ (ဩဂုတ် ၁၅) တွင် ထောင်ဒဏ် ခြောက်နှစ် ထပ်မံချမှတ်လိုက်သည်။

ရန်ကုန်မြို့တော်ရှိ ဒေါ်ခင်ကြည်ဖောင်းဒေးရှင်းရုံးချုပ်အတွက် မြေငှားရမ်းမှု၊ နေပြည်တော်တွင် လရောင်တော စီမံကိန်းနှင့် စိုက်ခင်းအတွက် မြေနေရာငှားရမ်းမှု၊ အဆောက်အအုံ ဆောက်လုပ်မှုတို့တွင် နိုင်ငံတော်ငွေကြေးများ ဆုံးရှုံးနစ်နာသည်ဟုဆိုကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။

ယင်းအမှုတို့ကို နေပြည်တော်ထောင်တွင်း တရားရုံးက ယနေ့ အမိန့်ချမှတ်ခြင်းဖြစ်သည်။

နေပြည်တော်နှင့် ပတ်သက်သည့် အမှု သုံးခုအတွက် တစ်မှုလျှင် ထောင်ဒဏ် သုံးနှစ်စီချမှတ်ပြီး တပေါင်းတည်း ချခံစေရန် အမိန့်ချမှတ်သဖြင့် ထောင်ဒဏ် သုံးနှစ် ကျခံရမည်ဖြစ်သည်။

ရန်ကုန်နှင့် ပတ်သက်သည့် အမှုအတွင် ထောင်ဒဏ် သုံးနှစ် ချမှတ်သဖြင့် ယနေ့ စုစုပေါင်းချမှတ်သည့် ထောင်ဒဏ်မှာ ခြောက်နှစ်ဖြစ်သွားသည်။

ယင်းပြစ်ဒဏ်မှာ မျှတမှန်ကန်မှုမရှိသဖြင့် အယူခံဝင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်ဟု အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦး၏ ပြောဆိုချက်ကို ကိုးကားကာ ပြည်တွင်းသတင်းမီဒီယာအချို့တွင် ဖော်ပြသည်။

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အမှု ၁၉ မှုဖြင့် တရားစွဲဆိုထားပြီး ယခုအမှုမတိုင်မီ အမှု ၆ ခုအတွက် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ထားသေးသည်။ ထို့ကြောင့် စုစုပေါင်း ထောင်ဒဏ် ၁၇ နှစ်အထိ ရှိလာပြီဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အကျဉ်းထောင်ရှိ သီးသန့်အဆောက်အအုံတစ်ခုတွင် ထိန်းသိမ်းထားကြောင်းလည်း သတင်းများကဆိုသည်။

အာဏာသိမ်းပြီးနောက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရုံးချုပ်ကို စစ်ကောင်စီက ဝင်ရောက်စီးနင်းက ရုံးပိုင်ပစ္စည်းများ၊ လှူဒါန်းငွေများကို သိမ်းဆည်းခဲ့သည်။

ယနေ့ အမိန့်ချမှတ်ရာတွင် နေပြည်တော်နှင့်ဆိုင်သည့် အမှု၌ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်ကို ထောင်ဒဏ် ၃နှစ်၊ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးကို ထောင်ဒဏ် ၃နှစ်၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးမင်းသူကို ထောင်ဒဏ် ၃နှစ် ချမှတ်ခဲ့သေးသည်။