မြိတ်တွင် စားသုံးဆီတစ်ပိဿာ ၄၀၀၀ ကျပ်ဖြင့်ရောင်း၊ တန်းစီဝယ်ယူကြရ

0
529

မြိတ်မြို့တွင် စားသုံးဆီ (စားအုန်းဆီ) တစ်ပိဿာ လေးထောင်ကျပ်ဖြင့် ရောင်းချပေးနေသဖြင့် အလုအယက် တန်းစီဝယ်ယူနေကြောင်း တွေ့ရသည်။

မြန်မာနိုင်ငံ ဆီကုန်သည်များအသင်းက ဦးဆောင်၍ မြိတ်ခရိုင်ဆီလုပ်ငန်းရှင်များ အသင်းမှ ကားများဖြင့် ရပ်ကွက်အတွင်း လှည့်လည်ရောင်းချနေခြင်း ဖြစ်သည်ဟု ဒေသခံများ ကပြောသည်။

“ဒီနေ့ ရပ်ကွက်မှာ လာရောင်းလို့ သွားတန်းစီလိုက်တယ်။ ရေသန့်နှစ်ဗူး (တစ်ပိဿာ) လေးထောင်ပေးရတယ်’ဟု တောရကျောင်းရပ်ကွက်နေ အိမ်ရှင်မတစ်ဦး ကပြောသည်။

သြဂုတ်လ ၁၃ ရက် နံနက်ကလည်း မြို့သစ်စျေးတွင် လာရောက်ရောင်းချခဲ့ကြောင်း၊ နောက်နေ့တွင် ဇေယျာသီရိ(တိုးချဲ့စျေး)တွင် လာရောင်းချသော်လည်း တိုးဝှေ့ဝယ်ကြသဖြင့် မရောင်းပေးတော့ပဲ ပြန်သွားကြောင်း ရပ်ကွက်နေသူများ ကပြောသည်။

“လူတွေက ဝယ်ဖို့လာစောင့်နေကြတာ သုံးလေးရာလောက်ရှိတယ်။ တိုးပြီးဝယ်တော့ မရောင်းပေးတော့ဘူး”ဟု စျေးအနီး နေထိုင်သည့် အမျိုးသမီး ကပြောသည်။

ပြင်ပစျေးကွက်တွင် စားသုံးဆီတစ်ပိဿာ ၉၀၀၀ ကျပ်ခန့် ပေါက်စျေးရှိနေသဖြင့် သက်သာသော နှုန်းထားဖြင့် လာရောင်သည့် ဆီကားထံတွင် တိုးကြိတ်ဝယ်ယူနေကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာမသိမ်းခင် ၂၀၁၉ ဒီဇင်ဘာလ က စားသုံးဆီတစ်ပိဿာ ၂၁၃၁ ကျပ်သာရှိပြီး ၂၀၂၀ ဒီဇင်ဘာလတွင် ၂၂၆၇ ကျပ်ခန့်သာ ရှိခဲ့သည်။