ရေဖြူတွင် ကျေးရွာအချို့မှ ဒေသခံများ ရွာလုံးကျွတ်နီးပါးထွက်ပြေးနေရ

0
1192

ရေဖြူမြို့နယ်၊ ခမောင်းချောင်းရွာနှင့် ဧကနိကျေးရွာဘက်ကို ဇူလိုင်လ ၃၀ ရက် နံနက် ၄ နာရီခန့်က စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသဖြင့် ဒေသခံများ ရွာလုံးကျွတ်နီးပါးထွက်ပြေးနေရကြောင်း ဒေသခံများထံမှ သိရသည်။

ခမောင်းချောင်း၊ ဝက်ချောင်း၊ ဧကနိရွာအပြင် ရငဲကျေးရွာမှ ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရငဲကျေးရွာမှ လူငယ်အမျိုးသားတစ်ဦးက ပြောသည်။

“ရွာထဲမှာတော့ လူတစ်ယောက်မှ မကျန်ဘူး။ တစ်ရွာလုံးက ပြေးနေလွှားနေရတယ်ဆိုတော့။ ကျွန်နော်တို့က နယ်ဘက်ဆိုတော့ သတင်းကြားတာနဲ့ ပြေးပဲ။ တော်တော်လေးကို ကြောက်ကြတာကိုး” ဟု အထက်ပါ လူငယ်အမျိုးသားက ဆိုသည်။

ရငဲရွာမှာ ဧကနိရွာနှင့် ရွာနီးစပ်ဖြစ်ပြီး ဆိုင်ကယ်ဖြင့် ၅ မိနစ်ခန့်သာ သွားရသည်။

ဇူလိုင်လ ၃ဝရက် အာရုံမတက်မီ ၄ နာရီခန့်က ခမောင်းချောင်းနှင့် ဧကနိရွာအနီးရှိ PDF စခန်းတစ်ခုကို စစ်ကောင်စီ တပ်က ဝင်ရောက်တိုက်ခိုက်သည်ဟု သတင်းများကြားသိရကြောင်း ဒေသခံအချို့၏ ပြောဆိုချက်အရ သိရသည်။

ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ သတင်းအချက်အလက်များကို Dawei Watch အနေဖြင့် ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

“အဲဒီရွာမှာဖြစ်မှတော့ ကျွန်တော်တို့ရွာလည်း အားလုံးလွင့်သွားတာပဲ။ အခုကို တောထဲကနေ မပြန်ရသေးဘူး။ ဒီနေ့ ၁၀ နာရီထိုး စစ်ကြောင်းထိုးမယ်ဆိုပြီးတော့ ဝက်ချောင်းဘက်က လူတွေပြောသံကြားတယ်။ အဲဒီတော့ ကျွန်တော် တို့လည်း ပြန်မရဲဘူး။ တောထဲမှာပဲ ပုန်းနေရတယ်” ဟု ရငဲကျေးရွာမှ လူငယ်အမျိုးသားက ပြောဆိုသည်။

ဇူလိုင်လ ၃၀ ရက် နံနက်တွင် ခမောင်းချောင်းရွာမှ ဧကနိရွာဘက်ကို စစ်ကားသုံးစီးဖြင့် ဝင်လာသည်ဟုသတင်းရပြီး ဆီတောရွာဘက်ခြမ်းကလည်း စစ်ကားလေးစီးခန့်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်က ဧကနိရွာထဲကို ဝင်ရောက်လာချိန်တွင် ကျန်ရှိနေသည့် ဒေသခံများကို ဖမ်းဆီးစစ်ဆေးခဲ့ပြီး ပြည်သူများ၏ ဆိုင်ကယ်များနှင့် ဈေးဆိုင်မှ စားသောက်ကုန်များကို ယူဆောင်သွားသည်ဟုလည် ဒေသခံတို့က ပြောသည်။

အထက်ပါ ပြောဆိုချက်နှင့် ပတ်သက်ပြီး Dawei Watch အနေဖြင့် သီးခြားအတည် မပြုနိုင်သေးပါ။

ထွက်ပြေးတိမ်းရှောင်သည့် ဒေသခံအချို့မှာ နေအိမ်ကို ပြန်လာပြီး အခြေအနေစောင့်ကြည့်ခြင်းမျိုးရှိပြီး အများစုမှာ တောတောင်တွေထဲ ပုန်းခိုနေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

မိုးတွင်းကာလဖြစ်သဖြင့် စစ်ဘေးရှောင်များမှာ နေရေး၊စားရေး အခက်အခဲကြုံနေရပြီး မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ယခုရက်ပိုင်းတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒက ထုတ်ပြန်ထားသည်။