ထိုင်းတွင် ဒဏ်ရာများဖြင့်ရေထဲ၌ သေဆုံးနေသည့် မြန်မာလုပ်သားတစ်ဦး အလောင်းတွေ့

0
335

ထိုင်းနိုင်ငံ စမူစခွန်ခရိုင်တွင် ဒဏ်ရာများဖြင့် ရေထဲတွင် သေဆုံးကာ ပေါလောပေါ်နေသော မြန်မာအလုပ်သမား တစ်ဦး၏ ရုပ်အလောင်းကို ဇူလိုင်လ ၃၁ ရက်နေ့တွင် တွေ့ရှိရကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

စမူစခွန်ခရိုင် ကရထုမ်ဘယ်ဒေသ ဝါတ်နမ်စောင်ဘုန်းကြီးကျောင်းအနီး ထာ့ကျင်းမြစ်ထဲ၌ ဇူလိုင်လ ၃၁ ရက် နံနက် ၇ နာရီခွဲခန့်တွင် ရေပေါ်တွင်ပေါ်နေသည့် အလောင်းကိုတွေ့ရှိခြင်းဖြစ်သည်။

အနီးပတ်ဝန်းကျင်တွင် တွေ့ရှိရသော Passport စာအုပ်အရ သေဆုံးသူ မြန်မာအလုပ်သမားမှာ အသက် ၃၈ နှစ်အရွယ်ရှိ ကိုမျိုးမင်းအောင် အမည်ရှိသူဖြစ်ပြီး သေဆုံးချိန်မှာ ၆နာရီ၊ ၇ နာရီခန့်ကြာ ရှိနေပြီဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရှိရသည်။

အလောင်းတွေ့ရှိရာနေရာသို့ ထိုင်းရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များ ရောက်သွားပြီးနောက် စစ်ဆေးရာတွင် အလောင်းတွင် ရိုက်နှက်ထိုးကြိတ်ခံထားသည့် ဒဏ်ရာများစွာတွေ့ရှိရကြောင်းလည်း ဖော်ပြထားသည်။

ဘုန်းကြီးကျောင်းအနီးရှိ မြန်မာအလုပ်သမားများကို မေးမြန်းရာတွင် သေဆုံးသူသည် ဇူလိုင်လ ၃၀ ရက်နေ့တွင် ဘုန်းကြီးကျောင်းရှိ ဘုရားသို့ရောက်လာပြီး ဒဏ်ရာများစွာ ရရှိထားသည်ကို မြင်တွေ့လိုက်ရသည်ဟု ပြောဆိုကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

၎င်းကို စားစရာအချို့ကို ကူညီပေးခဲ့ကြသည်ဟုလည်း ပြောဆိုကြောင်း ရဲတပ်ဖွဲ့က ထိုင်းသတင်းဌာနများသို့ ပြောဆို ထားသည်။

ယင်းနောက် သေဆုံးသူကို အနီးအနားတွင် မမြင်တွေ့ရတော့ဘဲ နောက်တစ်နေ့ (ဇူလိုင် ၃၁) မနက် ၇ နာရီခွဲတွင် ရေပေါ်၌ ပေါလောပေါ်နေသော ၎င်း၏ အလောင်းကို ပြန်လည်တွေ့ရှိခဲ့ရကြောင်း ဆိုသည်။

အဆိုပါမြန်မာအလုပ်သမား သေဆုံးရသည့် အကြောင်းအရင်းကို သိရှိနိုင်ရန်အတွက် ရင်ခွဲစစ်ဆေးရန် အလောင်းကို ဆေးရုံသို့ စမူစခွန်ခရိုင်ရှိ ကယ်ဆယ်ရေးအဖွဲ့က ပို့ဆောင်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံတွင် တရားဝင်‌ အထောက်အထားဖြင့် လာရောက်လုပ်ကိုင်နေသော ရွှေ့ပြောင်းမြန်မာလုပ်သား ၁ ဒသမ ၆ သန်းကျော်ရှိကြောင်း ထိုင်းအလုပ်သမားခန့်ထားရေးဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

 Ref: 34/8ข่าวสาคร