ရေဖြူ မူးဒူးရွာတွင် သွေးသောက်အဖွဲ့ဝင်ဟုဆိုသူ ပစ်သတ်ခံရ

0
348

ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ မူးဒူးရွာတွင် ဇူလိုင်လ ၁၆ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဇနီး၏ တူတော်စပ်သူ ပစ်သတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ 

ပစ်သတ်ခံရသဖြင့် သေဆုံးသွားသူမှာ ဦးပိုင်သန်းဆိုသူဖြစ်ပြီး အုပ်ချုပ်ရေးမှူး ဦးဆန်းဝင်း ဇနီးဖြစ်သူ၏ တူတော်စပ်သူဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။  

ဦးပိုင်သန်းသည် ရွာထိပ်တွင် နေထိုင်ပြီး နေအိမ်အနီးက ၎င်းအလုပ်လုပ်သည့် ရော်ဘာခြံအနီးတွင် ပစ်ခတ်ခံရခြင်းကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ 

ပစ်ခတ်သံကြားရပြီးနောက် ရွာသားများ သွားရောက်ကြည့်ရှုချိန်တွင် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရကြောင်း ၎င်းက ဆိုသည်။ 

ဦပိုင်းသန်းဆိုသူမှာ သွေးသောက်အဖွဲ့ဝင်ဖြစ်ပြီး စစ်ကောင်စီတပ်၏ လမ်းပြတစ်ဦးလည်းဖြစ်ကြောင်း ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဇင်ယော်တပ်စုက ထုတ်ပြန်သည်။ 

နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးရာတွင် အိမ်တိုင်ရာ‌ရောက် လမ်းပြပေးသူဖြစ်သောကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

ယင်းအပြင် ဇွန်လ ၁၆ ရက်နေ့က PDF ကို တူးမီးကိုင်ကာ စိန်ခေါ်လေ့ရှိသည့် မူးဒူးရွာသား ဦးကံစိုးအား (ပကဖ-ရေဖြူ) ဇင်ယော်တပ်စုက ပစ်ခတ်ရှင်းလင်းခဲ့သည့်ဖြစ်စဉ်တွင် ရွာသားများက ကင်းထောက်ပေးသည်ဟု စွပ်စွဲကာ ရွာသားများကို လုပ်ကြံရန်ကြိုးစားနေသူလည်းဖြစ်သောကြောင့် ရှင်းလင်းရခြင်းဖြစ်သည်ဟု အထက်ပါအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ပြီးခဲ့သည့် ဧပြီလ ၂၇ရက် ညက မူးဒူးရွာအုပ်ချုပ်ရေးမှူး ဦးဆန်းဝင်း ထွက်ပြေးတိမ်းရှောင်နေစဉ် ၎င်း၏နေအိမ် မီးရှို့ခံလိုက်ရသေးသည်။