ညင်းမော်ရွာတွင် အမျိုးသားတစ်ဦးပစ်သတ်ခံရ

0
288

လောင်းလုံးမြို့နယ်၊ ညင်းမော်ရွာတွင် မနေ့ည(ဇူလိုင် ၁၇)က အသက် ငါးဆယ်ကျော်အရွယ်ရှိ အမျိုးသားတစ်ဦး ပစ်သတ်ခံလိုက်ရသည်ဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

ပစ်သတ်ခံရသူမှာ ညင်းမော်ရွာသား ဦးကျော်စိုးဆိုသူဖြစ်ပြီး ယင်းနေ့ည ရှစ်နာရီ ကျော်ကျော်ခန့်က အမျိုးသမီး နှင့်အတူရှိနေစဉ် ၎င်း၏နေအိမ်၌ပင် ပစ်သတ်ခံရခြင်းဖြစ်သည်။

ရွာထဲတွင် ညကသေနတ်သံ ဆယ်ချက်ထက်မနည်းကြားရသည်ဟု ဒေသခံများက ပြောဆိုသည်။

“ဒဏ်ရာက မျက်နှာမှာများတယ် မေး‌‌စေ့မှာတစ်ချက်၊ ဝဲဘက်ပါးမှာတစ်ချက်၊ နဖူးမှာသုံးချက် ဦးခေါင်းထိပ်မှာတစ်ချက် နောက်စေ့ကတော့ ပွင့်ထွက်သွားတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

အဆိုပါ အမျိုးသားသည် ညင်းမော်ရွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်တစ်ဦးဖြစ်ပြီး ၂၀၂၀ရွေးကောက်ပွဲ အကြိုကာလများတွင် ကျေးရွာ ပါတီဥက္ကဌဖြစ်သူနှင့် မဲဆွယ် စည်းရုံးရေးခရီးစဉ်များတွင် လိုက်ပါလေ့ရှိသူဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

ယင်းအမျိုးသား၏ မိသားစုဝင်များမှာ လွန်ခဲ့သည့် ဆယ်နှစ်ဝန်းကျင်ခန့်က လောင်းလုံးနှင့်ညင်းမော်ရွာကြားရှိသော ရဲတပ်ဖွဲ့ သက်သာ စိုက်ပျိုးရေးခြံကို ထိန်းသိမ်းစောင့်ရှောင်သူများဖြစ်ပြီး နှစ်ပေါင်းများစွာ ရဲတပ်ဖွဲ့နှင့်နီးစပ်သူများဖြစ်သည်ဟုလည်း ဒေသခံတစ်ဦးကပြောသည်။

“သူကို ရွာကလူတွေ စောင့်ကြည့်နေကြတယ်ပေါ့နော် ဒါပေမဲ့ သေနတ်ကိုင်ပြီးသွားတာမျိုး ကြားရပေမဲ့ တိတိကျမပြောနိုင်ဘူး။ သူက အရက်သောက်တော့ အရက်ဆိုင်မှာ ပါစပ်ဖွာတာမျိုးရှိတယ်။ သူမှသေနတ်ရှိတယ်ဆိုပြီး ထုတ်ပြောတာမျိုးတွေ နောက်တစ်ခုက ရဲတပ်ဖွဲ့က ရွာထဲဝင်ဖမ်းတဲ့အခါ‌မျိုးမှာ သူက ရှေ့က ရောက်နေတတ်တာမျိုးတွေပေါ့”ဟု ၎င်းကပြောသည်။

စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသော ပျူစောထီးအဖွဲ့ဝင် ဦးကျော်စိုးကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF)နှင့် Dawei Defense Team-DDT တပ်ခွဲ ၃ တို့မှ ပူးပေါင်းရှင်းလင်းခဲ့ကြောင်း အဆိုပါအဖွဲ့အသီးသီး၏ ထုတ်ပြန်ထားချက်အရသိရသည်။

ဦးကျော်စိုးဆိုသူမှာ ခါးကြားသေနတ်ထိုးကာ ရွာထဲပတ်သွားလေ့ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်လာချိန်တွင်လည်း CDM ဝန်ထမ်းများနှင် ဆန္ဒပြလူငယ်များ၏နေအိမ်ကို လိုက်ပြပေးသူဖြစ်ခြင်းကြောင့် သုတ်သင်ရှင်းလင်းရခြင်းဖြစ်ကြောင်း ယင်းအဖွဲ့အသီးသီး၏ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

ဦးကျော်စိုး၏ ရုပ်အလောင်းကို ယနေ့ မွန်းလွဲပိုင်းတွင် ယင်းကျေးရွာသုဿန်၌ သင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။