ဒေါက်တာအေးဇံကို ထောင်ဒဏ် ၂နှစ်ထပ်ချ၊ စုစုပေါင်းထောင်ဒဏ် ၂၅နှစ်ထိရှိလာပြီ

0
241

မွန်ပြည်နယ် ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ ဒေါက်တာအေးဇံကို စစ်ကောင်စီတရားရုံးက ဇူလိုင်လ ၁၁ ရက်တွင် ထောင်ဒဏ် ၂နှစ် ထပ်မံအမိန့်ချမှတ်လိုက်ကြောင်း ၎င်းတို့မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဒေါက်တာအေးဇံသည် ရွေးကောက်ပွဲတွင် မလျော်ဩဇာသုံးသည်ဆိုပြီး စစ်ကောင်စီက ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀ (က) ဖြင့် တရားစွဲဆိုခဲ့ခြင်းသည်။

အဆိုပါအမှုအတွက် ဇူလိုင်လ ၁၁ ရက်နေ့တွင် မော်လမြိုင်မြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ် အမိန့်ချလိုက်ခြင်း ဖြစ်သည်။

“ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး စွဲဆိုခံထားရတဲ့အမှုကို မနေ့က အမိန့်ချတယ်။ ၂ နှစ် အမိန့်ချလိုက်တယ်” ဟု ၎င်းတို့မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဒေါက်တာအေးဇံသည် ဖမ်းဆီးခံရပြီးနောက် စွဲဆိုခံထားရသည့်အမှုများအတွက် ထောင်ဒဏ် ၂၃ နှစ် ချမှတ်ခံထားရပြီး ဖြစ်ပြီး ယခု ၂ နှစ် ထပ်မံအမိန့်ချခံရသည့်အတွက် လက်ရှိတွင် ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခံထားရသည်။

စစ်တပ်အာဏာသိမ်းစဉ်က ဒေါက်တာအေးဇံ အပါအဝင် အစိုးရအဖွဲ့ဝင်ဝန်ကြီးအများစု ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

နောက်ပိုင်းတွင် ဖမ်းဆီးခံဝန်ကြီးများအားလုံးကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပြီး ဒေါက်တာအေးဇံတစ်ဦးကိုသာ ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး ပုဒ်မတစ်ခုပြီး တစ်ခုတပ်ကာ တရားစွဲဆိုခဲ့သည်။