ရနောင်း လွှတ်တော်အမတ်လက်ထောက်၏ဖခင်အသတ်ခံရမှုတွင် မြန်မာလုပ်သား ၁၅ဦးကို ဖမ်းဆီးစစ်ဆေး

0
275
Photo: นายโอ๋ พรชัย

ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့က လွှတ်တော်အမတ် လက်ထောက်ဖြစ်သူ၏ ဖခင် သတ်ဖြတ်အလောင်းဖျောက်ခံရ သဖြင့် အနီးအနားရှိ မြန်မာအလုပ်သမား ၁၅ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြထားသည်။

ရနောင်းခရိုင် ကရာဘူရီဒေသရှိ ပတ်ကျန်အုပ်စု ဘန့်ဟတ်တွန်ရွာရှိ ရော်ဘာခြံထဲတွင် လွှတ်တော်အမတ် လက်ထောက်ဖြစ်သူ၏ ဖခင်အလောင်းကို ဇူလိုင်လ ၁၀ ရက်နေ့တွင် တွေ့ရှိခဲ့ရာမှ ခြံအနီးအနားရှိ မြန်မာ အလုပ်သမားများကို ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်သည်။

သေဆုံးသူသည် အသက် ၈၁ နှစ်အရွယ်ရှိ Mr. Thanu Jaidee ဆိုသူဖြစ်ပြီး ရနောင်းခရိုင် လွှတ်တော်အမတ်၏ လက်ထောက်ဖြစ်သူနှင့် ပတ်ကျန်အုပ်စု အုပ်ချုပ်ရေးမှူးတို့၏ ဖခင်ဖြစ်သည်။

စစ်ဆေးချက်အရ သေဆုံးသူ၏ ဦးခေါင်း အရှေ့နှင့် အနောက်တွင် ဒဏ်ရာရထားသည်ကို တွေ့ရှိရပြီး အဆိုပါ အလောင်းကို ရော်ဘာခြံထဲရှိ နေအိမ်အနီး ရေအိုင်မြောင်းထဲတွင်တွေ့ရခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

သေဆုံးသူသည် အဆိုပါရော်ဘာခြံထဲတွင် မြန်မာအလုပ်သမားများစွာနှင့်အတူ နှစ်ပေါင်းများစွာ နေထိုင်ခဲ့သူဖြစ်ပြီး အိမ်သို့ တစ်ခါတလေမှသာ လာတတ်သည်ဟု သားဖြစ်သူက ထိုင်းရဲတပ်ဖွဲ့သို့ ပြောကြားထားကြောင်း သတင်းများတွင် ဖော်ပြသည်။

သေဆုံးသူ၏ အလောင်းကို မတွေ့ခင် ၂ ရက်ခန့်အလို ဇူလိုင်လ ၈ ရက်နေ့တွင် သားဖြစ်သူသည် ဖခင်အတွက် စားသောက်ဖွယ်ရာလာပို့သောအခါ ဖခင်ကို မတွေ့သဖြင့် အိမ်ရှေ့တွင် ချိတ်ထားခဲ့ကြောင်းလည်း ထိုင်းရဲတပ်ဖွဲ့သို့ ပြောကြားသည်။

နောက်တစ်နေ့ ဇူလိုင်လ ၉ ရက်နေ့အထိ ဖခင်ဖြစ်သူနှင့် အဆက်အသွယ်မရသဖြင့် ခြံရှိ မြန်မာမိန်းကလေးအား မေးမြန်းသောအခါ ဆိုင်ကယ်တစ်စီးနှင့် လာကြိုသဖြင့် ဆေးခန်းသို့ ထွက်သွားကြောင်း ပြောသည်ဟု သားဖြစ်သူက ဆိုကြောင်း သတင်းများတွင် ရေးသားထားသည်။

နေ့လည်ပိုင်းရောက်သောအခါ သေဆုံးသူ၏ မြေးဖြစ်သူထံသို့ မက်ဆေ့တစ်စောင်ဝင်လာပြီး Mr. Thanu Jaidee ကို ပြန်ပေးဆွဲထားပြီး ဘတ်ငွေ ၈ သိန်း လိုချင်သည်ဟု ရေးသားထားကြောင်း သတင်းများတွင် ဖော်ပြသည်။

ထိုဖုန်းသို့ ဆက်သွယ်ကြည့်ရာ ပြန်လည်ဖြေကြားခြင်းမရှိဘဲ ခဏအကြာတွင် ဘတ် ၁ သန်းကို ရနောင်းမြို့ တဖက်ကမ်းရှိ ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ်ရှိ ထာ့တယိမ်ဈေး (ထိုင်းဘာသာဖြစ်ဖော်ပြ) ဆီသို့ လာပို့ ပေးထားရန် မက်ဆေ့ထပ်ပို့လာကြောင်း သတင်းများတွင် ဖော်ပြသည်။

ရော်ဘာခြံထဲရှိ အိမ်အနီး စစ်ဆေးကြည့်ရှုရာတွင် သူ့အဖေကိုင်နေကျ လက်လုပ်သေနတ်ရှည် ပျောက်ဆုံးနေပြီး အုတ်နံရံတွင် သွေးအစွန်းအစကို တွေ့ရကာ ထားခဲ့သော စားစရာအထုပ်မှာ အရင်အတိုင်းရှိနေခဲ့ကြောင်း သားဖြစ်သူက ရဲတပ်ဖွဲ့သို့ ပြောကြားခဲ့သည်။

မသင်္ကာဖွယ်ရာဖြစ်သဖြင့် အိမ်အနီးအနား ခြံထဲတွင် လှည့်ပတ် စစ်ဆေးရှာဖွေခဲ့ရာမှ သေဆုံးသူ၏ အလောင်းကို ရေအိုင်မြောင်းထဲ၌ ဇူလိုင်လ ၁၀ ရက်နေ့တွင် တွေ့ရှိခဲ့သည်။

ထိုင်းရဲတပ်ဖွဲ့က အနီးအနားရှိ ကင်မရာများကို စစ်ဆေးရာတွင် သေဆုံးသူသည် ဆိုင်ကယ်ဖြင့် အပြင်သို့ ထွက်လာ သည်ကို မတွေ့ရှိရသဖြင့် ခြံထဲရှိ မြန်မာမိန်းကလေးက လိမ်လည်ပြောဆိုခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့သို့ သားဖြစ်သူက ပြောကြားသည်ကို ထိုင်းသတင်းဌာနမျာက ရေးသားထားကြသည်။

ယင်းနောက် ခြံအနီးအနားဝန်းကျင်ရှိ မြန်မာအလုပ်သမား ၁၅ ဦးကို ပတ်ကျန်ရဲစခန်းသို့ ခေါ်ယူဖမ်းဆီးစစ်ဆေးနေပြီး ခြံအနီးရှိ နောက်ထပ် မြန်မာအလုပ်သမား နှစ်ဦးကိုမူ ရှာမတွေ့သေးကြောင်း သတင်းဌာနများတွင် ဖော်ပြထားသည်။

ဖမ်းဆီးခံရသော မြန်မာအလုပ်သမားများအနက် သုံးဦးကို အဓိက သံသယရှိသူအဖြစ် ယူဆကာ စစ်ဆေးနေပြီး အဆိုပါလူသတ်မှုအတွက် အသေးစိတ်အချက်အလက်ရရှိရန် ထပ်မံစစ်ဆေးသွားမည်ဟု ထိုင်းရဲတပ်ဖွဲ့က ပြောဆိုထားသည်။

“အခုလိုတွေ ထပ်ဖြစ်လာပြီဆိုတော့ စိတ်မကောင်းဘူး။ ဒါကလည်း မြန်မာတွေ သတ်ထားသလို ထိုင်းသတင်းတွေက ရေးထားကြတော့ ဆက်စောင့်ကြည့်ရမှာပဲ” ဟု ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) မှ အလုပ်သမား တာဝန်ခံ ကိုမင်းမင်းဦးက ဆိုသည်။

ပြီးခဲ့သော ဇွန်လ ၁ ရက်နေ့တွင် ထိုင်းနိုင်ငံ ဟတ်ယိုင်ဒေသ၌ ထိုင်းနိုင်ငံသားတစ်ဦးအသတ်ခံရမှုကြောင့် တရားမဝင် ဝင်ရောက်လာသော မြန်မာလုပ်သား ၁၀၉ ဦးကို ဖမ်းဆီးစစ်ဆေးခဲ့ပြီး လူသတ်မှုနှင့် ပက်သက်သော အလုပ်သမား ၅ ဦး၏ အချက်အလက်များကို ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်နိုင်ခဲ့သေးသည်။

Ref: Thairath