သရက်ချောင်း ကျောက်လှေကားရွာတွင် တိုက်ပွဲဖြစ်

0
590

သရက်ချောင်းမြို့နယ်၊ ကျောက်လှေကားရွာတွင် ယနေ့ (ဇူလိုင် ၁၀) နံနက်ပိုင်းက စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ဒေသပြည်သူ့ကာကွယ်ရေးတပ်-PDF တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံအချို့က ပြောသည်။

စော်ဖျားရွာဘုရားကုန်းဘက်မှ ကျောက်လှေကားရွာဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

နံနက် ၅ နာရီခန့်တွင် စတင်ဖြစ်ပွားခြင်းဖြစ်ကာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုမှာ နာရီဝက်ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုမှာ တစ်နာရီကျော်ကြာမြင့်ခဲ့ကြောင်း စောဖျားရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ စော်ဖျားရွာဘုရားကုန်းနှင့် ကျောက်လှေကားရွာမှာ တဆက်တည်းရှိသည်။

“၅ နာရီထိုးတည်းက လက်နက်ကြီးပဲ သီးသန့်ပစ်တာ။ သေနတ်ငယ်က နည်းနည်းပဲ ပစ်သံကြားတယ်” ဟု ၎င်းက ပြောဆိုသည်။

ယင်းတိုက်ပွဲတွင် PDF တပ်ဖွဲ့ဝင် သုံးဦးကျဆုံးပြီး နှစ်ဦးဖမ်းဆီးခံရသည့်အနက် တစ်ဦးမှာ သတ်ဖြတ်ခံထားရသည်ကို တွေ့ရသည်ဟု ကြားသိရကြောင်း ဒေသခံအချို့က ပြောသည်။

စစ်ကောင်စီတပ်စစ်ကြောင်းသည် စော်ဖျားရွာနှင့် ကျောက်လှေကားရွာဘက်ကို ဇူလိုင်လ ၇ ရက်နေ့တည်းက စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်ပြီး ယင်းနေ့ကတည်းက နေ့စဉ်ရက်ဆက် ကျောက်လှေကားရွာဘက်ကို လက်နက်ကြီးများနှင့် ပစ်ခတ်နေခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

ကျောက်လှေကားရွာရှိ ရွာသူ၊ ရွာသားများမှာ ယခင်ရက်ပိုင်းတည်းကပင် ဘေးလွတ်ရာကို စစ်ဘေးရှောင်နေကြကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်တခွင်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေသဖြင့် ကျောက်လှေကားရွာနှင့် အနီးနားကျေးရွာမှ ဒေသခံများနှင့် တောင်ပျောက်တိုက်နယ်မှ ဒေသခံ ၆၀၀၀ ခန့် ဘေးလွတ်ရာ တိမ်းရှောင်နေကြရကြောင်း ဒေသခံအချို့နှင့် စစ်ဘေးရှောင်ကူညီနေသူအချို့ထံမှ သိရသည်။

စစ်ကောင်စီတပ်သည် ဇူလိုင်လ ၃ ရက်နေ့မှစတင်ကာ သရက်ချောင်းမြို့နယ်အတွင်းရှိ စော်ဖျားရွာ၊ ကျောက်လှေကား၊ လောင်းမင်းဖ၊ ကျောက်ဖြူတောင်၊ ကျွဲခြံ၊ ဝင်းကဖော်စသည့် တောင်ပျောက်တိုက်နယ်တခွင်ကို ဖြန့်ကျက်ကာ စစ်ရေးလှုပ်ရှားနေခြင်းဖြစ်သည်။

ယင်းနောက် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ အပြန်အလှန် ထိတွေ့တိုက်ပွဲ သုံးကြိမ်ခန့်ဖြစ်ပွားခဲ့ပြီး PDF ဘက်ကလည်း စစ်ကောင်စီတပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှုများရှိကြောင်း ဒေသခံအချို့ကပြောသည်။

သရက်ချောင်းမြို့နယ်ဘက်သို့ ဆန်နှင့်ရိက္ခာသယ်ယူမှု စစ်ကောင်စီတပ်က ကန့်သတ်ထားပြီး ဖုန်းလိုင်းများလည်း ပြတ်တောက်နေကြောင်း ဒေသခံအချို့ထံက သိရသည်။

သရက်ချောင်းမြို့နယ် စုံစင်ဖျားရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် လက်နက်ကြီးဖြင့် တောင်ပျောက်တိုက်နယ် ဘက်ကို ပစ်ခတ်လေ့ရှိပြီး သဲချောင်းကြီးရွာရဲကင်းစခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကလည်း ကျွဲခြံ၊ ဝင်းကဖော်စသည့် တောင်ပျောက်တိုက်နယ်အတွင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသခံအချို့က ပြောသည်။