မြိတ်တွင် လျှပ်စစ်မီတာခဈေးထပ်တက်၊ တစ်ယူနစ် ကိုးရာနီးပါးဖြစ်လာ

0
322

မြိတ်မြို့တွင် ဇွန်လအသုံးပြုခအတွက် လျှပ်စစ်မီတာခ ၅၂ ကျပ် ထပ်တက်သွားသဖြင့် တစ်ယူနစ်လျှင် ၈၉၇ ကျပ်အထိ ပေးဆောင်နေရပြီဖြစ်ကြောင်း လျှပ်စစ်မီးသုံးစွဲသူတို့ထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီလက တစ်ယူနစ်လျှင် ၇၃၀ ကျပ်ပေးရရာမှ ၁၁၅ ကျပ်ထပ်မံ ဈေးမြင့်တက်သွားသဖြင့် မေလတွင် ၈၄၅ ကျပ် ပေးဆောင်ခဲ့ကြရသည်။

ယခုဇွန်လအသုံးပြုခအတွက် လျှပ်စစ်မီတာခ ကောက်ခံရာတွင် ၅၂ ကျပ် ထပ်တက်လာခြင်းဖြစ်သည်။

“မြိတ်မီတာ‌ဈေးနဲ့တော့ တွက်ခြေမကိုက်လှဘူး။ မီးဖိုးသပ်သပ်ကို အသားတင် ဖဲ့ပေးနေရသလို ဖြစ်နေတာ” ဟု ရှမ်းချောင်းရပ်ရှိ ကားဘော်ဒီအသေးစားလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

၎င်းကားဘော်ဒီပြုပြင်ရေးလုပ်ငန်းအတွက် လစဉ် မီတာခ တစ်သိန်းကျော် ပေးဆောင်ရကြောင်း ပြောပြသည်။

မြိတ်တွင် လျှပ်စစ်မီတာ‌ခဈေးနှုန်းထားတို့မှာ ယခုနှစ်အစ ဇန်နဝါရီလတွင် ၄၇၈ ကျပ်၊ ဖေဖော်ဝါရီလတွင် ၅၆၅ ကျပ်နှင့် မတ်လတွင် ၇၆၅ ကျပ် စသဖြင့် ဈေးတက်လာခဲ့သည်။

ဧပြီလတွင် တစ်ယူနစ် ၃၀ ကျပ် ဈေးကျဆင်းသဖြင့် ၇၃၀ ကျပ်ဖြစ်ခဲ့ပြီး မေလတွင် ၁၁၅ ကျပ် ဈေးနှုန်း ပြန်လည် မြင့်တက်သွားသဖြင့် ၈၄၅ ကျပ်အထိ ပေး‌ဆောင်နေရခြင်းဖြစ်သည်။

မြိတ်မြို့နယ်အတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်းအား တစ်ယူနစ် ၂၉၂ ကျပ်နှုန်းဖြင့် Petro & Trans ကုမ္ပဏီက ပြီးခဲ့သည့် အစိုးရလက်ထက်က တင်ဒါအောင်မြင်ထားသည်။

တစ်ယူနစ်လျှင် ၂၉၂ ကျပ်ဖြင့် တင်ဒါအောင်မြင်ထားသော်လည်း အာဏာသိမ်းပြီးနောက် စက်သုံးဆီဈေးနှုန်း မြင့်တက်လာသဖြင့် မီတာခဈေးနှုန်းလည်း လိုက်ပါမြင့်တက်လာခြင်းဖြစ်ကြောင်း Petro & Trans ကုမ္ပဏီမှ တာဝန်ရှိသူတို့က ပြောဆိုထားသည်။

စက်သုံးဆီဈေးအပေါ်မူတည်ကာ မီတာခ ကောက်ခံခြင်းဖြစ်သည်ဟုလည်း ပြောဆိုထားသည်။

ဒီဇယ်ဆီ တစ်ပီပါလျှင် ကျပ်ခြောက်သိန်းနီးပါးခန့်မှ ဇူလိုင်လ ၈ ရက်နေ့မှစပြီး ငါးသိန်းနှစ်သောင်းကျော်သာ ဈေးရှိတော့ကြောင်း မြိတ်စက်သုံးဆီဈေးကွက်မှ သိရသည်။

လျှပ်စစ်မီတာခ ဈေးနှုန်းမြင့်တက်နေမှုအခြေအနေနှင့် ပတ်သက်ပြီး Petro & Trans ကုမ္ပဏီမှ တာဝန်ရှိသူထံ ယနေ့ (ဇူလို ၉) ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ဖုန်းပိတ်ထားသဖြင့် အဆက်အသွယ်မရခဲ့ပေ။ မီတာခများ ဆက်တိုက်ဈေးတက် လာပြီးနောက် ယင်းကုမ္ပဏီတာဝန်ရှိသူများ ဖုန်းလက်ခံဖြေကြားမှု မရှိတော့ခြင်းဖြစ်သည်။