သီရိလင်္ကာသမ္မတ၏ နေအိမ်ကို ထောင်နဲ့ချီသော ဆန္ဒပြလူအုပ်ကြီးက ဝင်ရောက်စီးနင်း

0
291

သီရိလင်္ကာနိုင်ငံ မြို့တော်ကိုလံဘိုရှိ သမ္မတဂိုတာဘယ ရာဂျာပက်စ၏ နေအိမ်ကို ယနေ့ (ဇူလိုင် ၉) ထောင်နဲ့ချီသော ဆန္ဒပြလူအုပ်ကြီးက ဒေါသတကြီးဝင်ရောက်မွှေနှောက်ဖျက်ဆီးကြကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

စီမံခန့်ခွဲမှု အလွဲများကြောင့် တိုင်းပြည်၏ စီးပွားရေး အကျပ်အတည်း ဆိုက်ရောက်စေခဲ့ပြီး သမ္မတနုတ်ထွက်ပေးရန် တိုင်းပြည်အနှံမှ ဆန္ဒပြသူများ မြို့တော်ကိုလံဘိုသို့ ချီတက်ကာ လပေါင်းများစွာ တောင်းဆိုဆန္ဒပြနေခြင်း ဖြစ်သည်။

သမ္မတကို လုံခြုံသော နေရာသို့ ရွှေ့ပြောင်းထားပြီး ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

သီရိလင်္ကာတွင် ဆိုးရွားသော ငွေကြေးဖောင်းပွမှုများနှင့် ကြုံနေရပြီး စားနပ်ရိက္ခာ၊ လောင်စာနှင့် ဆေးဝါး တင်သွင်းရန်အတွက် ရုန်းကန်နေရဆဲဖြစ်သည်။

“Gota go home!” ဂိုတာအိမ်ပြန်စမ်း ဟု အဓိပ္ပါယ်ရသော ကြွေးကြော်သံဖြင့် သမ္မတနုတ်ထွက်ရန် ဖိအားပေး တောင်းဆိုနေသော လူအုပ်ကြီးက ရဲတပ်ဖွဲ့၏ အကာအရံအတားအဆီးများကို တိုးဖျက်ကာ သမ္မတအိမ်ထဲသို့ အတင်းဝင်သွားကြခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့က မိုးပေါ်သို့ သေနတ်ထောင်ပစ်ခြင်း၊ မျက်ရည်ယိုဗုံးများ ပစ်ခြင်းတို့ ပြုလုပ်ခဲ့သော်လည်း သမ္မတအိမ်ကို မကာကွယ်နိုင်ခဲ့ပေ။

“သမ္မတကို လုံခြုံရာကို ရွှေ့ထားပါတယ်။ သူဟာ သမ္မတဖြစ်နေဆဲပါပဲ။ စစ်တပ်က ကာကွယ်ပေးထားပါတယ်” ဟု ကာကွယ်ရေးဌာန သတင်းရင်းမြစ်တစ်ခုက AFP ကို ပြောကြားခဲ့သည်။