ဝေါလေတိုက်ပွဲကြောင့် ဒေသခံ ၈၀၀ ကျော် ထိုင်းဘက်စစ်ဘေးရှောင်

0
285

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ် ဝေါလေတွင်ဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် ဇွန်လ ၃၀ ရက်နေမှစ၍ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်လာသော မြန်မာနိုင်ငံသား ၈၀၀ ကျော်ရှိပြီဟု တာခ့်ခရိုင် တာဝန်ရှိသူများက Bangkok Post သတင်းဌာနကို ပြောကြားသည်။

မြဝတီမြို့နယ် ဝေါလေဒေသရှိတိုက်ပွဲအတွင်း စစ်ကောင်စီက တိုက်လေယာဉ်များ အသုံးပြုတိုက်ခိုက်မှုကြောင့် ဒေသခံများမှာ ထိုင်းနယ်စပ်သို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးလာကြရခြင်း ဖြစ်သည်။

အဆိုပါတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာသော မြန်မာရွာသားများကို ထိုင်းနိုင်ငံ တာခ့်ခရိုင် ဖို့ဖရဒေသတွင် နေရာနှစ်နေရာခွဲ၍ လိုအပ်သည်များကို ကူညီဆောင်ရွက် ပေးထားခြင်းဖြစ်သည်။

ထွက်ပြေးတိမ်းရှောင်လားသူများတွင် အမျိုးသား၊အမျိုးသမီး စုစုပေါင်း ၈၅၆ ဦးရှိပြီး ၎င်းတို့ကို ဖို့ဖရာ့ဒေသရှိ ဘန်းမော်ကားတိုင်ရွာတွင် ၃၀၆ ဦးနှင့် ဘန်းဝေါလေနူအ်ရွာတွင် ၅၅၀ ဦးတို့တွင် ယာယီစခန်းနှစ်ခုဖွင့်ကာ ခိုလှုံခွင့်ပေးထားကြောင်း ဖော်ပြထားသည်။

တိုက်ပွဲကြောင့် ဝေါလေဒေသအနီးရှိ ရွာတစ်ချို့မှ ထွက်ပြေးတိမ်းရှောင်လာသူဦးရေမှာ တစ်ထောင်ကျော်ရှိပြီး တစ်ချို့မှာ ဝါလေမြစ်ကမ်းနဘေးတွင် စစ်ရှောင်နေကြကာ အများစုမှာ ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်လာကြကြောင်း သိရသည်။

ဝေါလေတိုက်ပွဲဖြစ်ပွားနေချိန်တွင် စစ်ကောင်စီမှ လက်နက်ကြီး တိုက်လေယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဇွန်လ ၃၀ ရက်နေ့တွင် ထိုင်းလေပိုင်နက်အတွင်းအထိ တိုက်လေယာဉ်တစ်စီး ဝင်ရောက်သွားခဲ့သည်။

အဆိုပါကျူးကျော်ဝင်ရောက်မှုကြောင့် ထိုင်းနိုင်ငံ ဖို့ဖရာ့ခရိုင်အတွင်းရှိ ရွာနှစ်ရွာတွင် အရေးပေါ်ကြေညာလိုက်ရပြီး ကျောင်းနှစ်ကျောင်းကို ၁ ရက်ထပ်ပိတ်လိုက်ရကာ ဇူလိုင် ၄ ရက်နေ့မှ ပြန်လည်ဖွင့်လှစ်ရန် ညွှန်ကြားထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

အဆိုပါကျူးကျော်ဝင်ရောက်မှုအတွက် စစ်ကောင်စီက ထိုင်းအစိုးရကို တောင်းပန်ထားပြီးဖြစ်ကြောင်း မရည်ရွယ်ဘဲဖြစ်သွားခြင်းဖြစ်ပြီး ထိုကိစ္စသည် အရေးကြီးကိစ္စမဟုတ်ကြောင်း ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ယနေ့တွင် ပြောကြားထားသည်။

Ref: Bangkok Post, Thai PBS News