တနင်္သာရီတိုင်းတွင် ကျောင်း ၄၀၀ နီးပါးပိတ်ထားရသော်လည်း ကျောင်းတက်သူ တိုးလာဟုဆို

0
636
ပုံအဟောင်းအားအသုံးပြုထားပါသည်။

တနင်္သာရီတိုင်း၌ ယခုပညာသင်နှစ်တွင် ကျောင်း ၄၀၀ နီးပါး ပိတ်ထားရသော်လည်း ကျောင်းလာတက်သည့် ကျောင်းသားဦးရေ တိုးလာကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။

စစ်အာဏာသိမ်းပြီးနောက် ဖွင့်လှစ်သည့် ၂၀၂၁-၂၀၂၂ ပညာနှစ်တွင် ကျောင်းအပ်ထားသူ တစ်သိန်းနှစ်သောင်းကျော် (၁၂၉,၂၆၃ ဦး) ရှိသည့်အနက် ကျောင်းတက်ရောက် ပညာသင်ကြားခဲ့သူ ရှစ်သောင်းကျော် (၈၆,၄၄၄ဦး) ရှိကြောင်း တိုင်းပညာရေးမှူးရုံး၏ စာရင်းများထံမှ သိရသည်။

ယခု ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းအပ်ထားသူ တစ်သိန်းကိုးသောင်းကျော် (၁၉၀,၅၇၇ ဦး) ရှိသည့်အနက် ကျောင်းတက်ရောက်ပညာသင်ကြားနေသူ တစ်သိန်းခုနစ်သောင်းကျော် (၁၇၆,၆၅၃ဦး) ရှိကြောင်း ယင်းစာရင်းအရ သိရသည်။

ထို့ကြောင့် ယခုပညာသင်နှစ်တွင် ကျောင်းတက်သူဦးရေ ကိုးသောင်းကျော် တိုးလာကြောင်း တိုင်းပညာရေးမှူး စာရင်းအရ သိရသည်။

 “(ကျောင်းတက်သူ) တိုးတက်လာမှုအနေနဲ့တော့ အားရကျေနပ်မှုရှိတယ်။ တို့လူကြီးတွေအားလုံးကတော့ ကလေး တွေကို ပညာသင်ခွင့်ပေးကြရမှာပဲလေ” ဟု အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 သို့သော် အာဏာသိမ်းမှုမဖြစ်မီ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ကျောင်းတက်သူ သုံးသိန်းတစ်သောင်းကျော် ရှိသဖြင့် ယင်းစာရင်းဖြင့် နှိုင်းယှဉ်လျှင် တစ်သိန်းကျော် ကွာဟနေသေးသည်။

တနင်္သာရီတိုင်းတွင် အခြေခံပညာကျောင်းပေါင်း ၁၄၀၈ ကျောင်းရှိသည့်အနက် ပြီးခဲ့သည့် ပညာသင်နှစ်က ၁၀၇၁ ကျောင်း ဖွင့်လှစ်နိုင်ခဲ့သော်လည်း ယခုပညာသင်နှစ်တွင် ၁၀၁၉ ကျောင်းသာ ဖွင့်လှစ်ထားနိုင်ကြောင်း တိုင်းပညာရေးမှူးရုံး၏ စာရင်းအရ သိရသည်။

ပြီးခဲ့သည့်နှစ်ကနှင့် နှိုင်းစာလျှင် မဖွင့်နိုင်သည့် ကျောင်း ၅၂ ကျောင်း တိုးလာခြင်းဖြစ်သည်။

နယ်မြေ‌ မအေးချမ်းခြင်း၊ သင်ကြားရေးဆရာ၊ ဆရာမ (လုံးဝ) မရှိခြင်း၊ မိဘများက ကလေးများကို ကျောင်းလာမအပ်ခြင်းတို့ကြောင့် အစိုးရကျောင်းနှင့် ဘကကျောင်း စုစုပေါင်း ၃၈၉ ကျောင်းမှာ ဖွင့်လှစ်နိုင်ခြင်းရှိဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တနင်္သာရီတိုင်း၌ ကျောင်းတက်သူ သုံးသိန်းတစ်သောင်းကျော်ရှိပြီး သင်ကြားရေး ဆရာ၊ ဆရာမမှာ ၁၃၂၃၃ ဦးရှိကြောင်း အထက်ပါဌာန၏ စာရင်းများအရ သိရသည်။

စစ်အာဏာသိမ်းကာလတွင် သင်ကြားရေးဆရာ၊ ဆရာမ ၇၀၀၀ ခန့်သာရှိပြီး CDM ပြုလုပ်သူ ၇၀၀၀ ခန့် ရှိကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။