ရေဖြူ နတ်တွင်းရွာ တွဲဖက်အုပ်ချုပ်ရေးမှူးဆိုသူ ပစ်သတ်ခံရ

0
486

ရေဖြူမြို့နယ် နတ်တွင်း တွဲဖက်အုပ်ချုပ်ရေးမှူးဆိုသူ ဇွန်၂၄ နေ့က သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးသွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး၏ တွဲဖက်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူထားသည့် အသက် ၅၀ ဝန်းကျင်အရွယ်ရှိ နွန်ဒဲ ‌(ခေါ်) ဦးအောင်သန်းဆိုသူကို လောင်းလုံးမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (LLPDF) နှင့် Dawei Guerrilla Revolutionary Force (DGRF) တို့က ပူးပေါင်းရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့နှစ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဦးအောင်သန်းဆိုသူမှာ နာမည်ကြီး ဒလန်ဖြစ်သဖြင့် ရှင်းလင်းခြင်းသည်ဟု PDF အဖွဲ့များ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဇွန်လ ၂၄ ရက်နေ့ နံနက် ၁၁ နာရီခန့်က ယင်းကျေးရွာအလယ်တန်းကျောင်းအနီး မုန်းပြား (ခေါက်မုန့်) ဆိုင်တွင် ထိုင်နေစဉ် ဆိုင်ကယ်ဖြင့် အမျိုးသားလေးဦးရောက်ရှိလာပြီး ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“သေနတ်ဒဏ်ရာက ဦးခေါင်းနဲ့ ဗိုက်မှာ နှစ်ချက်တွေ့ရတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါအမျိုးသားသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလက စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်လာစွဲစဉ် ကူညီပေးခဲ့သူ ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ပျူစောထီးတပ်ဖွဲ့ဝင်များနှင့် နီးကပ်သူဖြစ်သည်ဟု ဒေသခံအချို့က ပြောဆိုသည်။

သို့သော် ယင်းပြောဆိုချက်နှင့်ပတ်သက်၍ သီးခြားအတည်မပြုနိုင်သေးပေ။

ယင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမင်းမင်း၏ နေအိမ်ရှိ ဆီဆိုင်ကိုလည်း မီးရှို့ခဲ့သေးကြောင်း LLPDF ၏ ထုတ်ပြန်ချက် ထဲတွင် ရေးသားဖော်ပြထားသည်။

ဦးအောင်သန်းကို ပစ်ခတ်ချိန်တွင် အုပ်ချုပ်ရေးမှူး ဦးမင်းမင်းမှာ ထွက်ပြေးတိမ်းရှောင်နေသွားကြောင်း ဒေသခံအချို့ က ပြောသည်။

အထက်ပါ ဖြစ်ရပ်ဖြစ်ပြီးနောက် စစ်ကောင်စီတပ်သားများ လာရောက်စစ်ဆေးခဲ့ပြီး သေနတ်နှစ်ချက်ပစ်ဖောက်ကာ ပြန်ထွက်သွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။

သေဆုံးသူ ဦးအောင်သန်း၏ ရုပ်အလောင်းကို ယနေ့ (ဇွန် ၂၅) မွန်းလွဲပိုင်းတွင် မီးသင်္ဂြိုဟ်မည်ဟု သိရကြောင်း ဒေသခံအချို့ထံမှ သိရသည်။