တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
285

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

Dawei Watch၊ ဇွန် (၁၈-၂၄)

ဒေါ်အောင်ဆန်းစုကြည်အခြေအနေကို စိုးရိမ်ကြောင်း ကုလသမဂ္ဂပြော

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နေပြည်တော်အကျဉ်းထောင်သို့ ဇွန်လ ၂၂ ရက်က ပြောင်းရွှေ့ထားရှိမှုအပေါ်  စိုးရိမ်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုလိုက်သည်။

နေအိမ်အကျယ်ချုပ်ထားရှိရာမှ ယင်းသို့နေပြည်တော် အကျဉ်းထောင်အတွင်းရှိ သီးသန့်ဆောင်သို့ ပြောင်းရွှေ့လိုက်မှုအတွက် ဒေါ်အောင်ဆန်းစုကြည်ကို စိုးရိမ်မိကြောင်း ၎င်းက ဇွန်လ ၂၂ ရက် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။

ယင်းအပြင် ဒေါ်အောင်ဆန်းစုကြည်ကို အပတ်စဥ် ရုံးထုတ်စစ်ဆေးနေသည့် အမှုအားလုံးကိုလည်း နေပြည်တော်စည်ပင်၀င်းထဲမှ အထူးတရားခွင်အစား နေပြည်တော်အချုပ်ထောင်ရှိ အထူးတရားရုံးကို  ဇွန်လ ၂၃ ရက်မှစ၍ ပြောင်းရွှေ့စစ်ဆေးနေကြောင်းလည်း သတင်းများအသိရသည်။

နေပြည်တော် အချုပ်ထောင်သို့ ပို့ဆောင်ခံရသော ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်း ထောင်စည်းကမ်းများနှင့်အညီ နေရမည်ဟု ညွှန်ကြားထားကြောင်းလည်း သတင်းများထွက်ပေါ်နေသည်။

စစ်ကိုင်းတိုင်း၊ ခင်ဦးတွင် အရာရှိအဆင့်အပါအဝင် ရဲ ၁၄ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အရပ်ကားဖြင့် သွားလာနေသည့် ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားရာ အရာရှိအဆင့်အပါအဝင် ရဲ ၁၄ ဦးသေဆုံးခဲ့ကြောင်း ခင်ဦး PDF အဖွဲ့က ထုတ်ပြန်လိုက်သည်။

သေနတ် ၁၁ လက် ရရှိခဲ့သည့် ယင်းတိုက်ပွဲကို ဒေသခံကာကွယ်ရေးအဖွဲ့ ၁၅ ဖွဲ့ ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း မော်တော်ယာဉ်ပေါ်မှ ရဲများနှင့် တစ်နာရီခွဲကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။

ယင်းတိုက်ပွဲတွင် ဒုတိယရဲမှူး စိုးထွဋ်ခိုင်ဆိုသူသာ ရဲယူနီဖောင်းဖြင့်ဖြစ်ပြီး ရဲမေ ၃ ဦး၊ ရဲ ၁၀ ဦးတို့မှာ အရပ်ဝတ်ဖြင့်ဖြစ်ကြောင်းလည်း သိရသည်။

ပွင့်ဖြူတွင် PDF များ၏ မော်တော်ယာဉ်တိုက်ခိုက်ခံရ၍ ၉ ဦးကျ

မကွေးတိုင်း ပွင့်ဖြူမြို့နယ်တွင် ဇွန်လ ၂၂ ရက်နေ့ နံနက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ မော်တော်ယာဉ် တိုက်ခိုက်ခံရပြီး ၉ ဦးကျဆုံးကာ ၃ ဦး အဖမ်းခံလိုက်ရကြောင်း ပွင့်ဖြူ PDF ထံမှသိရသည်။

သရက်မြို့နယ် ကံမ PDF က လက်နက်များနှင့် ပြန်လာစဉ် စစ်ကောင်စီတပ်က သတင်းရသွားပြီး မယ်ဇလီတံတားအနီးတွင်  တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီက ရုရှားကော်ပိုရေးရှင်းနှင့် နျူကလီးယားနည်းပညာဆွေးနွေး

ရုရှားနိုင်ငံကို စစ်ကောင်စီဝန်ကြီးအချို့ ရောက်ရှိနေပြီး စွမ်းအင်ဝန်ကြီးဖြစ်လာသူ ဦးသောင်းဟန်နှင့်အဖွဲ့သည် ရုရှားနိုင်ငံပိုင် နျူကလီးယားစွမ်းအင်ဆိုင်ရာ ကော်ပိုရေးရှင်း ROSATOM တာဝန်ရှိသူနှင့် မကြာမီက  တွေ့ဆုံ၍ နျူကလီးယားနည်းပညာအသုံးပြုရေး ဆွေးနွေးခဲ့သည်ဟု Myanmar Now သတင်းဌာနက သတင်းဖော်ပြသည်။

ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့တွင် ပြုလုပ်သော နိုင်ငံတကာစီးပွားရေးဖိုရမ် တက်ရောက်ရင်း ဝန်ကြီးအချို့ ရုရှားတာဝန်ရှိသူများနှင့် တွေ့ဆုံကြောင်း၊ နျူကလီးယားနည်းပညာနှင့် ပတ်သက်၍ ROSATOM တာဝန်ရှိသူနှင့် တွေ့ဆုံကြောင်း စစ်ကောင်စီက နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် ထုတ်ပြန်သည်။

နျူကလီးယားစွမ်းအင်ဆိုင်ရာ အဆင့်မြင့်ဆုံးသော ရုရှားအာဏာပိုင်အဖွဲ့ဖြစ်သည့် ROSATOM ၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Alexey Likhachev နှင့် စစ်ကောင်စီကိုယ်စားပြု စွမ်းအင်ဝန်ကြီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ထိုသို့တွေ့ဆုံစဉ် နျူကလီးယားနည်းပညာအသုံးပြု ထုတ်လုပ်ရေးနှင့် မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုအကြောင်း ဆွေးနွေးကြသည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားကြောင်း Myanmar Now က ဖော်ပြထားသည်။

NUG ကမြန်မာရွှေ့ပြောင်းလုပ်သားများကို အသိအမှတ်ပြုကတ်များ ထုတ်ပေးရန်ကြိုးစားနေ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် ပြည်ပနိုင်ငံများရှိ မြန်မာရွှေ့ပြောင်း လုပ်သားများ စာရင်းကို လာမည့် ဇွန်လကုန်တွင် ကောက်ခံသွားမည်ဖြစ်ပြီး အသိအမှတ်ပြုကတ်များထုတ်ပေးနိုင်ရန် ကြိုးစားနေကြောင်း Mizzima သတင်းဌာနက ဖော်ပြသည်။

ယခုကဲ့သို့ စာရင်းများကောက်ခံရခြင်းမှာ ရွှေ့ပြောင်းလုပ်သားများ၏ စာရင်းများ သိရှိနိုင်ရန်၊ နိုင်ငံ‌တော်စီမံကိန်းများရေးဆွဲရာတွင် အသုံးပြုရန်နှင့် ပြည်ပအလုပ်ကိုင် အသိမှတ်ပြုကတ် (Overseas Employment Registration Card – OERC) ထုတ်ပေးရေးတို့အတွက် ဖြစ်သည်ဟု  NUG၏ အလုပ်သမားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နီထံက သိရသည်။

စာရင်းကောက်ယူမှုများကို မြေပြင် တာဝန်ခံများမှ တစ်ဆင့် ကောက်ခံမည်ဖြစ်ပြီး စာရင်းပေးသူတိုင်းကို OERC ထုတ်ပေးရန်အတွက် ဝန်ကြီးဌာနအားလုံးနှင့်  တိုက်ဆိုင်စစ်ဆေးပြီး စဉ်းစားမည်ဖြစ်ကြောင်း သို့ရာတွင် စာရင်းပေးသူများအနေဖြင့် OERC ကတ် ယူမယူပေါ်တွင် စဉ်းစားဆုံးဖြတ်နိုင်ကြောင်း သိရသည်။

ဘီးလင်း NLD ပါတီ ဥက္ကဋ္ဌအပါအဝင် လေးဦး ပစ်ခတ်ဖမ်းဆီးခံရပြီး တစ်ဦး သေဆုံး

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပေါ်ခီးကျေးရွာအနီးတွင် ဇွန် ၂၂ ရက်နေ့က မြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးကျော်မျိုးမင်း အပါအဝင် လေးဦးကို စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးရာတွင် တစ်ဦး သေဆုံးသွားကြောင်း ဘီးလင်းမြို့နယ် NLD ပါတီလွှတ်တော် ကိုယ်စားလှယ်တစ်ဦးကို ကိုးကား၍  RFA က သတင်းဖော်ပြခဲ့သည်။

လေးဦးတွင် တစ်ဦးသေဆုံးပြီး ကျန်သုံးဦးမှာ ဖမ်းဆီးခံလိုက်ရကြောင်းလည်း ဆိုသည်။

ဘီးလင်းမြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးကျော်မျိုးမင်း၊ ရပ်ကျေးပါတီဝင် ဦးပန်းမြင့်၊ ဦးကိုကိုမောင်နှင့် ရွာသားတစ်ဦးတို့ ဆိုင်ကယ်နှစ်စီးဖြင့် လယ်ကတဲကျေးရွာဘက်ကို အသွားတွင် စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သတင်းဖော်ပြထားသည်။

ရခိုင်ပြည်က လူဖမ်းပွဲ

ရခိုင်ပြည်နယ် မြို့တော်စစ်တွေအပါအဝင် မြို့ငါးမြို့တွင် ရက္ခိုင့်တပ်တော် (AA) က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖမ်းဆီးနေပြီး စစ်ကောင်စီတပ်ကလည်း မြို့ပေါ်တွင်ရှာဖွေစစ်ဆေးကာ ပြည်သူများကို ဆက်တိုက်ဖမ်းဆီးနေသည်။

ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ရမ်းဗြဲ၊ စစ်တွေတို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင် စုစုပေါင်း ၁၄ ဦးကို AA က ယခုသီတင်းပတ်အတွင်း မြို့ပေါ်တက်ပြီး ဖမ်းဆီးသွားခြင်းဖြစ်သည်။

ယင်းသို့ ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြို့အတွင်းသို့ အင်အားအလုံးအရင်းဖြင့် သေနတ်ပစ် ဖောက်ဝင်ရောက်ကာ မြို့ဝင် မြို့ထွက်၊ အဓိက လမ်းမများ၊ လမ်းဆုံးလမ်းခွများအပြင် တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်လံရှာဖွေစစ်ဆေးကာ ဒေသခံများကို ဖမ်းဆီးသည်။

ဒေသတွင် သတင်းများ၏ ဖော်ပြချက်အရ ဖမ်းဆီးခံရသူ ရာဂဏန်းရှိလာနေပြီဖြစ်ကြောင်း သိရသည်။ ယင်းမြို့များတွင် ဈေး၊ စာသင်ကျောင်းများ ပိတ်ထားကာ အသွားအလာတိတ်ဆိတ်နေပြီး ပြည်သူများလည်း ထိတ်လန့်နေကြရသည်။

ဇွန်လ ၂၃ ရက်တွင် စစ်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်ကြီးတစ်ဦးနှင့် တပ်သားတစ်ဦးကို ဖမ်းဆီးသွားခြင်းသဖြင့် ရှာဖွေစစ်ဆေး ဖမ်းဆီးမှုများ၊ ပစ်ခတ်သံများ ကြားလာရသည့်အပြင် ရေလမ်းခရီးကိုလည်း ဇွန်လ ၂၄ ရက်နေ့တွင် အကန့်အသတ်မရှိ ပိတ်ပစ်လိုက်သည်။

ပြန်ပေးဆွဲခံရသည့် ကျောင်းဆရာနှင့် ဆရာမ ပြန်လွတ်လာပြီ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ပြန်ပေးဆွဲခံရသည့် ကျောင်းအုပ်ဆရာ ဦးဘိုဝင်းနှင့် ဆရာမ ဒေါ်ဥမ္မာကျော် တို့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဇွန်လ ၂၄ရက်နေ့တွင် မြန်မာဘက်သို့ နှစ်နိုင်ငံချစ်ကြည်ရေးတံတားတွင် ပြန်လည် လွှဲပြောင်း ပေးလိုက်သည်။

မြို့နယ်ပညာရေးမှူးရုံးက ဆင့်ခေါ်သဖြင့် ဇွန်လ ၁၆ ရက်နေ့တွင် မောင်တောမြောက်ပိုင်း သင်္ဘောလှကျေးရွာမှ ဆိုင်ကယ်ဖြင့်လာစဉ် လမ်းတွင် အမည်မသိ လက်နက်ကိုင်အဖွဲ့ တစ်စုက ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

ယင်းနောက် ဒေသခံများ၊ ကျောင်းဆရာများ၊ စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်အချို့တို့ လိုက်လံရှာဖွေခဲ့ကြသော်လည်း ပြန်မတွေ့ခဲ့ပေ။ ယင်းသို့ ရှာဖွေနေစဉ် ပြန်ပေးဆွဲသည့် အဖွဲ့က မြို့နယ်ပညာရေးမှူးထံဆက်သွယ်ကာ ဘင်္ဂလားဒေ့ရှ်ငွေ ဒါကာ သိန်း ၅၀ (ကျပ်သိန်း ၁၀၄၀) ဖြင့် ပြန်ရွေးရန် ပြောဆိုလာသည်။

ယင်းငွေကို လွှဲပြောင်းပေးလိုက်ပြီးနောက် ဇွန်လ ၂၃ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရခိုင်ရွာ ခြံချောင်း (ခ) Kharang Khali ရွာအနီးတွင် လွှတ်ပေးခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်အစိုးရက စစ်မေးရန် ရှိသေးသည်ဟုဆိုက ခေါ်သွားပြန်သည်။ ယင်းနောက် ဇွန်လ ၂၄ ရက်နေ့တွင် နှစ်နိုင်ငံ အလွှဲအပြောင်းလုပ်ခြင်းဖြစ်သည်။

၎င်းတို့လွတ်မြောက်ရန် မိသားစုဝင်များကလည်း ငွေကြေးများ ချေးငှား ပေးခဲ့ရပြီး ယင်းသတင်းကို ထိမ်ချန်ထားရန် ခရိုင်အုပ်ချုပ်ရေးမှူးက တားမြစ်ထားသည်ဟု အမည်မဖော်လိုသူ မိသားစုဝင်တစ်ဦး ပြောဆိုချက်ကို ကိုးကားကာ ရခိုင်အခြေစိုက် Development Media Group သတင်းတွင် ဖော်ပြသည်။