ကော့သောင်းမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရ၊ အစစ်အဆေးတင်းကျပ်

0
394

ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဇွန်လ ၂၃ ရက်ညတွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် မြို့ပေါ်တွင် အစစ်အဆေး တင်းကျပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ဇွန်လ ၂၃ ရက် ည ၇ နာရီခွဲခန့်က အုပ်ချုပ်ရေးမှူး ဦးယုလွင်သည် အုပ်ချုပ်ရေးမှူးရုံးမှ နေအိမ်သို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် လမ်းတွင် ပစ်ခတ်ခံရသဖြင့် ဒဏ်ရာရရှိသွားကြောင်း ဒေသခံများက ပြောသည်။

ဦးယုလွင်မှာ ကော့သောင်းဆေးရုံတွင် ဆေးကုသမှုခံယူနေသည်ဟု ကြားသိရကြောင်း ဒေသခံများက ဆိုသည်။

“ရှပ်ထိတာလောက်ပဲ။ သေချက်မထိဘူးလို့ ကြားရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယင်းသို့ ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်များက လမ်းသွားလမ်းလာများအား စစ်ဆေးမှုတိုးမြှင့်လုပ်ဆောင် နေကြောင်း ဒေသခံများက ဆိုသည်။

“ဆိုင်ကယ်စီးရင် အမျိုးသား နှစ်ယောက်စီးလို့ မရတော့ဘူး။ အခု အစစ်အဆေးတွေက အရမ်းကြမ်းနေတယ်” ဟု နောက်ထပ် ကော့သောင်းဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များက အေးရိပ်ငြိမ်ရပ်ကွက် ယင်းဝါရေလှောင်ကန်အနီး စစ်ဆေးရေးဂိတ်ဖွင့်ကာ ဆိုင်ကယ်များအား တင်းတင်းကျပ်ကျပ် စစ်ဆေးနေကြကြောင်း ဒေသခံတို့က ပြောသည်။

အုပ်ချုပ်ရေးမှူး ဦးယုလွင်ကို မည်သည့်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်ခဲ့သည်ကို အတည်မပြုနိုင်သေးသလို ဒဏ်ရာရရှိမှု အခြေအနေကိုလည်း တိတိကျကျ မသိရသေးပေ။