ရေဖြူမြို့တွင် ပြည်သူ့စစ်အဖွဲ့ဝင်နှင့် မိသားစုဝင် ၃ ဦးအသတ်ခံရ

0
615

အင်းပြားရွာတွင် လာရောက်တိမ်းရှောင်နေထိုင်သည့် ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့ဝင်တစ်ဦး အပါအဝင် မိသားစုဝင်လေးဦး ဇွန်လ ၁၈ ရက်ညတွင် အသတ်ခံရကြောင်း စုံစမ်းသိရှိရသည်။

အသတ်ခံရသူများမှာ လောင်းလုံးမြို့နယ် ကျောက်ဆင်ကျေးရွာအုပ်စု ကရင်ကြီးကျေးရွာတွင် နေထိုင်သူများဖြစ်သည်။

ယင်းမိသားစုဝင် ၄ ဦးမှာ ထားဝယ်ခရိုင်၊ ရေဖြူမြိုနယ်၊ ကလိန်အောင်မြို့ အမှတ် ၄ ရပ်ကွက် အင်းပြားရွာတွင် လာရောက်တိမ်းရှောင် နေထိုင်စဉ်တွင် အသတ်ခံရခြင်းဖြစ်ကြောင်း ကျန်ရစ်သူ မိသားစုဝင်တစ်ဦးက ပြောသည်။

အသတ်ခံရသူများမှာ အင်းပြားရွာတွင် လာရောက်တိမ်းရှောင်နေသည်မှာ သုံးလဝန်းကျင် ရှိနေပြီဖြစ်ကြောင်း ၎င်းကဆိုသည်။

“ရွာမှာနေတုန်းက အိမ်ကိုလာပြီး ရိုက်ဖျက်တယ်။ ဆိုင်ကယ်နှစ်စီး၊ ဖုန်းသုံးလုံးကို ယူသွားတာ ဒီမှာ (အင်းပြားမှာ) က အေးဆေးတယ်ဆိုပြီး နေရာရွှေ့ပြီး လာနေကြတာ” ဟု ၎င်းကပြောဆိုသည်။

အသတ်ခံရသူများမှာ ပြည်သူ့စစ် အဖွဲ့ဝင် အသက် ၂၆ နှစ်အရွယ် ကိုမင်းဝေဦးနှင့် ၎င်း၏ဖခင် အသက် ၆၃ နှစ်အရွယ် ဦးလှသိန်း၊ အသက် ၅၈ နှစ်အရွယ် မိခင်  ဒေါ်တင်သိန်းနှင့် ညီဖြစ်သူ ၁၅ နှစ်အရွယ် မောင်ဟိန်းထက်အောင်တို့ဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ပြောကြားသည်။

‌ယင်းမိသားစုဝင်လေးဦးအား ဇွန်လ ၁၈ ရက် ည ၈ နာရီကျော်အချိန်တွင် သေနတ်ဖြင့် လာရောက်ပစ်ခတ်သွားခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

“မျက်မြင်အားဖြင့်တော့ တစ်ယောက်ကို ဒဏ်ရာတစ်ချက်စီတော့ တွေ့ရတယ်။ ခေါင်းတွေမှာ” ဟု အလောင်းသွားရောက် ကြည့်ရှုခဲ့သူတစ်ဦးက ဆိုသည်။

လက်ရှိတွင် သေဆုံးသူလေးဦး၏ အလောင်းကို ကလိန်အောင်ဆေးရုံတွင် ရင်ခွဲစစ်ဆေးနေပြီး အလောင်းကို နေရပ် ကရင်ကြီးကျေးရွာကို ပြန်သယ်ယူမည်မဟုတ်ဘဲ ကလိန်အောင်တွင်ပင် သင်္ဂြိုဟ်မည်ဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ဆိုသည်။

ယင်းမိသားစုဝင် လေးဦးအား SPRING DHAMMA PDF အဖွဲ့က ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသည်။