ထားဝယ် တောင်သုံးလုံးရွာက အမျိုးသမီးတစ်ဦး အသတ်ခံရ

0
740

ထားဝယ်မြို့နယ်၊ တောင်သုံးလုံးရွာက ဒေါ်မီးပျိုပျိုဆိုသည့် အမျိုးသမီးကို သုတ်သင်ရှင်းလင်းလိုက်ကြောင်း ကျားသစ်နက် ပြည်သူ့ကာကွယရေးအဖွဲ့က ဇွန်လ ၁၈ရက်တွင် ထုတ်ပြန်ထားသည်။ 

အသက် ၅၀ အရွယ် ဒေါ်မီးပျိုပျိုသည် လွန်ခဲ့သည့် ၃ ရက်ခန့်ကတည်းက ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း တောင်သုံးလုံးကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“သူပျောက်နေတာတော့ သုံးရက်လောက်ရှိပြီ။ အသတ်ခံရတာတော့ မသိဘူး။ ဘာသတင်းမှလည်း မကြားဘူး” ဟု အထက်ပါအမျိုးသားက ဆိုသည်။

ဒေါ်မီးပျိုပျိုသည် တောင်သုံးလုံးရွာရှိ နေအိမ်တွင် ဒေသထွက်ကုန်များနှင့် အရက်ရောင်းချကာ အသက်မွေးဝမ်းကျောင်း ပြုနေသူဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

အဆိုပါအမျိုးသမီးသည် ပြည်သူများနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များကို အချိန်ကာလကြာရှည်စွာ ဒုက္ခပေး နေသဖြင့် ကျားသစ်နက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးခဲ့ရာ သက်သေခိုင်လုံမှုကြောင့် သုတ်သင် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

အထက်ပါ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

တောင်သုံးလုံးရွာမှာ ထားဝယ်-ထီးခီးသွားသည့် ကားလမ်းဘေးတွင် တည်ရှိသည်။