မြိတ်တွင် စက်သုံးဆီများ တိုးဝှေ့ဝယ်ယူနေရ

0
366
ဓါတ်ပုံ - FB

မြိတ်တွင် ယနေ့ (ဇွန် ၉) စက်သုံးဆီများ တိုးဝှေ့ဝယ်ယူနေရကြောင်း ဒေသခံများထံမှ သိရသည်။

ပုံမှန်ရောင်းချနေသည့် ဆီဆိုင်ငယ်အများစု ယနေ့ နံနက် ၁၁ နာရီဝန်းကျင်တွင် ပိတ်လိုက်သည့်အတွက် လက်ရှိဖွင့်နေသေးသည့် ဆိုင်အချို့တွင် ဒေသခံများ တိုးဝှေ့ဝယ်ယူနေကြကြောင်း ဒေသခံများက ပြောသည်။

“လိုင်စင်မရှိတဲ့ ဆီဆိုင်တွေ လိုက်ဖမ်းနေတယ်ဆိုပြီး ဆိုင်ငယ်တော်တော်များများ ပိတ်ကုန်ကြပြီ။ လူတွေလည်း ဖွင့်ထားတဲ့ဆိုင်တွေမှာ ဝယ်နေကြတာ အလုအယက်ပဲ” ဟု မြိတ်မြို့နေ ဆိုင်ကယ် ကယ်ရီမောင်းသူတစ်ဦးက ပြောဆိုသည်။

ယနေ့ နံနက် ၉ နာရီခန့်က ဓါတ်ဆီတစ်လီတာ ၂၂၅၀ ကျပ်ဖြင့် ဝယ်ယူခဲ့ပြီး မွန်းလွဲ ၁ နာရီဝန်းကျင်တွင် တစ်လီတာ ၂၅၅၀ အထိဈေးတက်သွားကြောင်း ဆိုင်ကယ်ကယ်ရီမောင်းသူများက ပြောပြသည်။

“လာတိုးနေကြတာ သိုင်းတက် (ရှုပ်ထွေး) နေတယ်။ လိုသလောက်လည်း မရောင်းပေးတော့ဘူး” ဟု အခြားကယ်ရီမောင်းသူအမျိုးသားတစ်ဦးက ပြောသည်။

နံနက်ပိုင်းတွင် ရောင်းချခဲ့သည့် ဆီဆိုင်ကြီးအချို့လည်း မွန်းလွဲ ၁ နာရီဝန်းကျင်တွင် ပိတ်လိုက်သည်ကိုတွေ့ရကြောင်း ဒေသခံများက ဆိုသည်။

Dawei Watch အနေဖြင့် ဆီဆိုင်မန်နေဂျာအချို့ကို ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားပေးခြင်းမရှိပါ။

စက်သုံးဆီကို ဂါလံပုံးကြီး ပုံးငယ်များဖြင့်ဝယ်ယူနေကြသည့်အတွက် မြို့ခံအချို့က မီးဘေးစိုးရိမ်နေကြသည်။