မော်လမြိုင်တွင် ဒလန်နာမည်ထွက်သူ အမျိုးသားတစ်ဦး ပစ်သတ်ခံရ

0
383
MawlaMyaing

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ဒလန်ဟုနာမည်ထွက်သည့် အမျိုးသားတစ်ဦး ဇွန်လ ၈ ရက်နေ့က သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း မြို့ခံတို့ထံမှ သိရသည်။

မျိုးမင်းထွဋ်ဆိုသူသည် ဇွန်လ ၈ ရက်နေ့ ညနေ ၆ နာရီခန့်တွင် သံလွင်ဥယျာဉ်ဘေးလမ်းကြားတွင် ပစ်ခတ်ခံရခြင်း ဖြစ်ပြီး အခင်းဖြစ်ရာ နေရာတွင်ပင် သေဆုံးသွားကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် မြို့ခံအချို့က ပြောသည်။

“ဖြစ်တာက ညနေ ၆ နာရီလောက်မှာ လူက လမ်းပေါ်မှာ လဲကျနေတာ။ ကြည့်ရတာ ဆိုင်ကယ်စီးရင်း ပစ်ခံရတာ ဖြစ်မယ်” ဟု မြို့ခံတစ်ဦးက ပြောဆိုသည်။

အဆိုပါ ပစ်သတ်ခံရသည့်ဖြစ်စဉ်ဖြစ်ပြီးနောက် မော်လမြိုင်မြို့ နေရာအတော်များများတွင် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့တို့က ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေကြောင်း မြို့ခံတို့ထံမှ သိရသည်။

“ညပိုင်းအထိ လူသွားလူလာများတဲ့နေရာတွေ၊ လမ်းတွေမှာ ရဲတွေ အုပ်လိုက်နဲ့ ရှာဖွေစစ်ဆေးမှုတွေ လုပ်နေတယ်။ ယောက်ျားလေးတွေဆို တစ်ကိုယ်လုံးရှာတယ်” ဟု မြို့ခံ လူငယ်တစ်ဦးက ပြောသည်။

မျိုးမင်းထွဋ်ဆိုသူကို ကျည် ၅ တောင့်ဖြင့် ၎င်းတို့အဖွဲ့က ပစ်သတ်ခဲ့ကြောင်း မော်လမြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

၎င်းသည် ဒလန်တစ်ဦးဖြစ်ပြီး မြေနီကုန်းအနီးတဝိုက်နှင့် မော်လမြိုင်မြို့တွင်း ဧည့်စာရင်းစစ်ဆေးရာတွင် ဦးဆောင်ပါဝင်တတ်သူဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းအပြင် CDM ဝန်ထမ်းမိသားစုများအား ခြိမ်းခြောက်အကျပ်ကိုင်နေသူ၊ သက်ငယ်မုဒိန်းမှုကျူးလွန်သူလည်း ဖြစ်သည့်အတွက် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း မော်လမြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။