စျေးကောင်းရသဖြင့် မြိတ်တွင် ကွမ်းသီးနု အခိုးခံရမှုများလာ

0
1155
Nut

စျေးကောင်းရလာသဖြင့် မြိတ်ခရိုင်အတွင်းရှိ ဥယျာဉ်ခြံများတွင် ကွမ်းသီးအနု အခိုးခံရမှုများ ဆက်တိုက်ဖြစ်ပေါ်နေကြောင်း ခြံလုပ်ငန်း လုပ်ကိုင်နေသူများထံမှ သိရသည်။

စျေးကွက်အတွင်း ကွမ်းသီးအနု ဈေးကောင်းပေး ဝယ်ယူနေသဖြင့် ခြံအတွင်းရှိ ကွမ်းသီးအနုများကို ခိုးယူရောင်းချသူများ ပေါ်ပေါက်လာကြောင်း တနင်္သာရီမြို့နယ် အနောက်သာဖုံကျေးရွာနေ ဥယျာဉ်ခြံလုပ်ကိုင်သူတစ်ချို့က ပြောပြသည်။

“ဘယ်ခြံက ဘယ်လောက်အခိုးခံရလဲဆိုတာ မနက်လင်းတိုင်း ကြားနေရတာ” ဟု အနောက်သာဖုံရွာ‌နေ ဥယျာဉ်ခြံရှင်တစ်ဦးက ပြောသည်။

လက်ရှိ ကွမ်းသီးအနုပေါက်ဈေးမှာ တစ်လုံးလျှင် အနည်းဆုံး ၃၅ ကျပ်မှ အများဆုံး ၆၅ ကျပ်နှင့် တစ်ကီလိုလျှင် ၅၀၀၀ ကျပ်ကျော်အထိ ရှိနေကြောင်း သိရသည်။

ကွမ်းသီးအနု ၁၀ ကီလို ( ၆ ပိဿာခွဲခန့် ) တွင် ငွေငါးသောင်းကျပ်အထိ ရရှိသည့်အတွက်ကြောင့် ခိုးယူနေကြခြင်းဖြစ်ကြောင်း မြိတ်မြို့နယ် ပင်းအိုကျေးရွာအုပ်စု ပင်းအိုရွာရှိ ဥယျာဉ်ခြံရှင်တစ်ချို့က  ပြောပြသည်။

ဥယျာဉ်ခြံအတွင်းရှိ ကွမ်းပင်များမှကွမ်းသီးအနု အခိုင်လိုက်ခိုးယူခံရခြင်းဖြစ်ပြီး ညဘက်တွင် ဝင်ရောက်ခိုးယူကြသဖြင့် သူခိုးအား ဖမ်းမမိသေးကြောင်း ပင်းအိုရွာရှိ ဥယျာဉ်ခြံရှင် အမျိုးသားတစ်ဦးက ပြောပြသည်။

“တစ်ခါတစ်ခါ ပျောက်ရင် ဆယ်ခိုင်ကျော်ပဲ ပျောက်လွန်းအားကြီးလို့ ခြံထဲဝင်နေရတာ” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ငါးနှစ်ဝန်းကျင်ခန့်မှစတင်ကာ ကွမ်းသီးအနု အရောင်း၊အဝယ် စျေးကွက်ပေါ်ပေါက် လာခြင်းဖြစ်ပြီး  လက်ရှိတွင် တောရွာများအထိ တစ်ဆင့်ခံရောင်းချသူတို့မှ လိုက်လံဝယ်ယူခြင်း၊ အဝယ်ဒိုင်များဖွင့်ပြီး ဝယ်ယူခြင်း စသဖြင့် ဈေးကွက်ကျယ်ပြန့်လာနေပြီဖြစ်သည်။