ကော့သောင်းတွင် စက်သုံးဆီ အလုအယက်ဝယ်ယူနေရ၊ ဈေးခုန်တက်

0
288

ကော့သောင်းမြို့၌ ယနေ့ (ဇွန် ၉) နံနက်ပိုင်းတွင် ပြည်သူများ စက်သုံးဆီကို အလုအယက် ဝယ်ယူနေကြပြီး ဈေးနှုန်းမှာ တစ်လီတာလျှင် ကျပ်သုံးထောင်ကျော်မှ ငါးထောင်ကျပ်အထိ မြင့်တက်သွားကြောင်း မြို့ခံအချို့က ပြောဆိုကြသည်။

ယမန်နေ့က ကော့သောင်းမြို့တွင် လိုင်စင်မရှိဘဲ ရောင်းချနေကြသည့် စက်သုံးဆီဆိုင်များ ဖမ်းဆီးခံခဲ့ရပြီးနောက် ယနေ့တွင် ယင်းကဲ့သို့ စက်သုံးဆီ အလုအယက်ဝယ်ယူသူ များပြားလာခြင်းဖြစ်ကြောင်း မြို့ခံအချို့က ဆိုသည်။

“(စက်သုံးဆီ) ဆိုင်ကြီးတွေမှာ မနက်စောစော လာတိုးပြီး ဝယ်နေကြတယ်။ ပြီးတော့ လူတွေကလည်း တစ်ယောက် တစ်ပေါက်ပြောနေကြတယ်။ ဒီဆိုင်မှာတော့ ဆီကုန်နေလောက်ပြီ။ နီးစပ်ရာ ဘယ်ဆိုင်မှာ ဘယ်ဆိုင်မှာ ရှိသေးတယ် ဆိုပြီး အသဲအသန်ကို လိုက်ရှာဝယ်နေကြတယ်” ဟု စက်သုံးဆီဆိုင်တစ်ဆိုင်ရှေ့ကို ရောက်နေသည့် မြို့ခံတစ်ဦးက ယနေ့နံနက် ၉ နာရီတွင် ပြောသည်။

စက်သုံးဆီဝယ်သူအချို့ မေးမြန်းချက်အရ တစ်လီတာ ကျပ်ငါးထောင်ဖြင့် ပေးဝယ်ခဲ့ရသူ ရှိသလို သုံးထောင်ကျော် ဖြင့် ဝယ်ယူခဲ့ရသူလည်း ရှိကြောင်း သိရသည်။  

ကော့သောင်းမြို့အဝိုင်းပတ်ရှိ စက်သုံးဆီဆိုင်ကြီးတစ်ဆိုင်နှင့် တစ်မိုင်ကျေးရွာရှိ စက်သုံးဆီဆိုင်ကြီးတစ်ဆိုင်တို့တွင် တန်စီးပြီး စက်သုံးဆီဝယ်ယူနေကြသည်ကို ယနေ့ နံနက်မြင်တွေ့ခဲ့ရကြောင်းလည်း အခြားမြို့ခံအမျိုးသားတစ်‌ဦးက ဆိုသည်။

“ဒီနေ့မှ ဘာဖြစ်မှန်းတော့ မသိဘူး။ ဆိုင်ကြီးတွေမှာ လူတွေတန်းစီပြီး ဝယ်နေကြတယ်” ဟု ၎င်းအမျိုးသားက ဆိုသည်။

ယမန့်နေ့အထိ ကော့သောင်းမြို့ စက်သုံးဆီဈေးနှုန်းမှာ တစ်လီတာလျှင် ကျပ်နှစ်ထောင်ကျော်အထိသာ ရှိသေးကြောင်း မြို့ခံအချို့က ပြောဆိုကြသည်။