ပုလော ဂျက်ဂါရွာသို့ စစ်ကြောင်းထိုးလာပြီး လက်နက်ကြီးလည်းပစ်သဖြင့် ရွာသားများထွက်ပြေးရ

0
412

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ဂျက်ဂါရွာသို့ စစ်ကောက်စီတပ်က စစ်ကြောင်းထိုးလာသဖြင့် ရွာသားများ တိမ်းရှောင်ထွက်ပြေးနေရကြောင်း ၎င်းတို့ထံမှသိရသည်။

ဂျက်ဂါရွာသို့ ခန့်မှန်းအင်အား တစ်ရာဝန်းကျင်ရှိ စစ်ကောင်စီတပ်သည် ယနေ့ (ဇွန် ၈) နံနက် ၈ နာရီတွင် ရောက်ရှိလာပြီး လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်နေသဖြင့် ထွက်ပြေးတိမ်းရှောင်ရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“အခုထိ အသံကြားနေရသေးတယ်။ ဟိုဖက်ကတော့ တစ်ချက်မှ ပြန်မပစ်သေးဘူး” ဟု ထွက်ပြေးနေရသည့် ဂျက်ဂါရွာသား အမျိုးသားတစ်ဦးက ယနေ့ နေ့လယ် ၁၂ နာရီခွဲခန့်က ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က ဂျက်ဂါရွာအပါအဝင် ပျူစောထီးအားကောင်းသည့် ပုလောကုန်းရွာတွင်လည်း အထိုင်ချကာ ပြည်သူ့ကာကွယ်ရေးတပ်များ ရှိနိုင်သည့် နေရာများဘက်သို့ ပစ်ခတ်မှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောပြသည်။

“လေယာဉ်တွေနဲ့လည်း အပေါ်ကနေ လာပျံနေကြတယ်” ဟု ဒေသခံအမျိုးသားက ပြောဆိုသည်။

နန်းတောင်ကျေးရွာအုပ်စုနှင့် ပုလောကုန်းကျေးရွာအုပ်စုအတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်များအကြား နှစ်ဖက်တိုက်ပွဲကြောင့် ဒေသခံရွာသားများ ဘေးလွှတ်ရာသို့ မကြာခဏ ထွက်ပြေးကြရလေ့ရှိသည်။