ပုလော ကားလမ်းပေါ် စစ်ကောင်စီတပ်ကားနှစ်စီး မိုင်းဆွဲခံရ

0
433

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပြည်ထောင်စုလမ်းမပေါ်တွင် စစ်ကောင်စီတပ်ကားနှစ်စီး မိုင်းဆွဲတိုက်ခိုက် ခံရကြောင်း ဒေသခံများထံမှ သိရသည်။

ပုလောမြို့နယ်၊ ကဒဲရွာနှင့် မင်းထိန်ရွာကြားရှိ ပြည်ထောင်စုလမ်းပေါ်တွင် ဇွန်လ ၁ ရက်နေ့ ည ၉ နာရီ ဝန်းကျင်တွင် မိုင်းနှစ်လုံးပေါက်ကွဲသံကြားလိုက်ရပြီး ကားမိုင်းဆွဲခံရသည်ဟု သိရှိရကြောင်း ဒေသခံများ ကပြောသည်။

“အသံက တော်တော်ကျယ်တယ်။ မြေကြီးပါလာတုံသွားတယ်။ ဖုန်းဆက်ပြီး စုံစမ်းကြည့်တော့ ကားနှစ်စီး မိုင်းဆွဲခံရတယ်လို့ သိရတယ်” ဟု မင်းထိန်ရွာနေ အမျိုးသားတစ်ဦးက ပြောသည်။

ယင်းတိုက်ခိုက်မှုကို တောကြီးမြွေဟောက် King Kobra အဖွဲ့က ဦးဆောင်ကာ Ghost Ranger အဖွဲ့၊ တနင်္သာရီပြောက်ကျားအဖွဲ့စသော မဟာမိတ် ၃ ဖွဲ့ပေါင်းကာလုပ်ဆောင်ခြင်းဖြစ်ကြောင်း King Cobra အဖွဲ့က ဇွန်လ ၂ရက်ညတွင် ထုတ်ပြန်ထားသည်။

မြိတ်မြို့ဖက်မှ လာသည့် စစ်ကောင်စီတပ်ကားနှစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား လေးဦး သေဆုံးကာ ခုနစ်ဦး ဒဏ်ရာရရှိကြောင်း ယင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး Dawei Watch အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။  

ကားမိုင်းဆွဲ မခံရမီ ညနေ ၄ နာရီဝန်းကျင်နှင့် ည ၇ နာရီဝန်းကျင်တို့တွင် ပု‌ေလာကုန်းကျေးရွာအုပ်စုဖက်က လက်နက်ကြီးပစ်သံများလည်း ကြားခဲ့ရကြောင်း ဒေသခံများက ပြောပြသည်။

မြိတ်-ပုလော ပြည်ထောင်စုလမ်းပေါ်တွင် စစ်ကောင်စီယာဉ်တန်းအား ဒေသပြည်သူ့ကာကွယ်ရေး တပ်များက မကြာခဏ မိုင်းဆွဲခြင်းများ ပြုလုပ်လေ့ရှိသည်။