မူလတန်း‌ကျောင်း သေနတ်ပစ်ခံရမှုတွင် သေဆုံးခဲ့သည့်ကလေး ၁၉ ဦး၏ အခေါင်းများကို ကာတွန်းပုံများဖြင့် ဒီဇိုင်းဆင်

0
1093
 ဓာတ်ပုံ - ChrisjCarrOfficial

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အူဗယ်ဒီမြို့တွင် အစွန်းရောက်အကြမ်းဖက် လူငယ်သေနတ်သမားက မူလတန်းကျောင်းကို သေနတ်ဖြင့် ဝင်ပစ်သဖြင့် သေဆုံးသွားသူ ကလေးငယ် ၁၉ ဦးအတွက် ၎င်းတို့ နှစ်သက်သော ကာတွန်းဇာတ်ကောင်ဒီဇိုင်းများကို ဒီဇိုင်းဆင်သူတစ်ဦးက အခေါင်းများတွင် လိုက်လံ ချယ်သပေးနေကြောင်း သတင်းများက ဖော်ပြထားသည်။

 ဓာတ်ပုံ – ChrisjCarrOfficial

စိတ်ကြိုက်မှာယူနိုင်သော အခေါင်းများ ၊ ပြာအိုးများကို ဒီဇိုင်းဆင်ပေးသည့် လုပ်ငန်းရှင် ထရေးဂါနန် နှင့် သားဖြစ်သူတို့က ယခုကဲ့သို့ ကလေးများ နှစ်သက်သည့် ဒီဇိုင်းများကို ၎င်းတို့ ဘဝကူးမည့် ခေါင်းတလားများသို့ အခမဲ့ လိုက်လံပြင်ဆင်ပေးနေခြင်း ဖြစ်သည်။

တက္ကဆက်နယ်မြေရဲတစ်ဦးက ကူညီပေးနိုင်မည်လားဟု ဆက်သွယ်စုံစမ်းလာရာမှ ယခုကဲ့သို့ ပါဝင်ကူညီပေးဖြစ်ကြောင်း အဆိုပါ ဒီဇိုင်းဖန်တီးရှင် က ပြောကြားသည်။

မိသားစုတဖွဲ့ချင်းဆီကို လိုက်လံတွေ့ဆုံကာ ကလေးတို့နှစ်သက်မည့် အရာများကို မေးမြန်းပြီး အခေါင်းဒီဇိုင်းများကို ဖန်တီးခဲ့သည်ဟု အသက် (၅၀) အရွယ် ဂါနန် က ပြောကြားသည်။

မူလတန်းကျောင်းကို သေနတ်ကိုင်လူငယ်တစ်ဦးက ဝင်ရောက်လာခဲ့ပြီး မြင်လေရာ ပစ်သတ်ခဲ့ပေရာ ဆရာမ နှစ်ဦး နှင့် ကလေး ၁၉ ဦးသေဆုံးခဲ့ရသည်။

 ဓာတ်ပုံ – ChrisjCarrOfficial

ယခုလို သေနတ်သမားများက လိုက်လံပစ်သတ်နေသည့် ကိစ္စအပေါ်ရပ်တန့်နိုင်ရေး အမေရိကန်ပြည်သူများက အသံကျယ်ကျယ် တောင်းဆိုရတော့မည်ဟု သမ္မတဂျိုးဘိုင်ဒင် က ပြောကြားခဲ့သည်။

ကလေးများနှစ်သက်သည့် ပန်းချီလက်ရာများဖြင့် အခေါင်းများကို ပြင်ဆင်ပေးသည့် သားအဖ ကို လူမှုကွန်ရက် အသုံးပြုသူများက ချီးကျူးလျက် ရှိကြသည်။