ထိုင်းတောင်ပိုင်းတွင် ဖမ်းဆီးရမိသော မြန်မာလုပ်သားများ လူသတ်မှုဖြင့် စစ်ဆေးမည်

0
459
Photo: Assawin Pakkawan

ထိုင်းတောင်ပိုင်းတွင် မြန်မာလုပ်သားများကို ဇွန်လ ၁ ရက်နေ့က ဖမ်းဆီးရမိပြီး လူသတ်မှုနှင့်သက်ဆိုင်ခြင်းရှိမရှိ စတင်စစ်ဆေးသွားမည်ဟု ထိုင်းအာဏာပိုင်များက ထုတ်ပြန်လိုက်သည်။

စွန်ခရာခရိုင် ဟတ်ယိုင်မြို့အနီး ဂေါက်ကွင်းလမ်းနဘေး တောထဲတွင် မြေမြှုပ်ထားသော အသက် ၄၀ အရွယ် Mr. Maddol Binson အမည်ရှိ လျှပ်စစ်ဝန်ထမ်းတစ်ဦး၏ အလောင်းကို  ဇွန်လ ၁ ရက်နေ့ မနက်ပိုင်းတွင် ထိုင်းအာဏာပိုင်များက တွေ့ရှိခဲ့သည်။

သေဆုံးသူ၏ လက်နှင့်ခြေထောက်ကို ချည်နှောင်ခံထားရပြီး ခေါင်းရိုက်ခံရသော ဒဏ်ရာဖြင့် သေဆုံးလျက်ရှိနေကာ သူ့ဆိုင်ကယ်ကို ရေအိုင်ထဲစွန့်ပစ်ထားကြောင်း ထိုင်းအာဏာပိုင်များကဆိုသည်။

အနီးအနားတွင် ခိုက်ရန်ဖြစ်ပွားမှုအခြေအနေ လက္ခဏာများလည်း တွေ့ရှိရသည်ဟုဆိုသည်။

ထိုင်းရဲတပ်ဖွဲ့များက အနီးပတ်ဝန်းကျင်သို့ ညပိုင်းတွင် စစ်ဆေးသောအခါ အလောင်းနှင့် ၇ ကီလိုမီတာအကွာတွင် ပစ်ကပ်ကားတစ်စီးသည် အရှိန်မထိန်းနိုင်ပဲ သစ်ပင်ကို ဝင်တိုက်လျက်အနေအထားဖြင့် တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းကြောင့်ပစ်ကပ်ကား အနီးဝန်းကျင်တွင် တရားမဝင်မြန်မာလုပ်သားများ ရှိနိုင်သည်ဟု ယူဆသဖြင့် ဆက်လက်ရှာဖွေရာ ထိုင်းနိုင်ငံ စွန်ခရာခရိုင် ဟတ်ယိုင်မြို့အနီး တောထဲတွင် ပုန်းနေသော မြန်မာလုပ်သား ၁၉ ဦးနှင့် ထိုင်းကားသမား ၂ ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

၎င်းတို့ကို လူသတ်မှုနှင့် ဆက်စပ်မှုရှိမရှိ DNA ရယူစစ်ဆေးသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရားမဝင် မြန်မာလုပ်သားများကို ထိုင်း-မလေးရှားနယ်စပ်တွင် တွေ့ရှိရခြင်းဖြစ်ပြီး မလေးရှားနိုင်ငံသို့သွားရောက် အလုပ်လုပ်ကိုင်ရန် ရည်ရွယ်ထားသည်ဟု ထိုင်းအာဏာပိုင်များကဆိုသည်။

သေဆုံးသူသည် တောထဲသို့ငါးဖမ်းလာစဉ် မြန်မာလုပ်သားများနှင့် မထင်မှတ်ပဲ ဆုံတွေ့ခြင်းဖြစ်နိုင်ပြီး ထိုင်းအာဏာပိုင်များကို သတင်းပေးမည်စိုးရိမ်သဖြင့် လက်စဖျောက် သတ်ပစ်လိုက်ခြင်း ဖြစ်နိုင်သည်ဟု ယူဆကြောင်း ထိုင်းမီဒီယာများက ဖော်ပြထားသည်။

မြန်မာလုပ်သားများ အစစ်ဆေးခံရမှုနှင့်ပတ်သက်ပြီး လတ်တလောအခြေအနေကို စုံစမ်းနေဆဲရှိသေးကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED)မှ အလုပ်သမားတာဝန်ခံ ကိုမင်းမင်းဦးက ဆိုသည်။

ထိုင်းအာဏာပိုင်များက ယနေ့မနက်ပိုင်းတွင် အဆိုပါနေရာသို့ သွားရောက်စစ်ဆေးခဲ့ပြီး သက်သေများကို စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင် သွားမည်ဟု ထုတ်ပြန်ထားသည်။

Ref: Bangkok Post, Thairath, MGR Online