ဇွန်လ ၂ ရက်ကို ဗထူးနေ့အဖြစ်သတ်မှတ်

0
269

ဇွန်လ ၂ ရက်နေ့ကို ဗထူးနေ့အဖြစ်သတ်မှတ်ကြောင်း ထားဝယ်ခရိုင် ဒီမိုကရေစီလှုပ်ရှားမှု သပိတ်ကော်မတီက ယနေ့‌‌ထုတ်ပြန်ကြေညာလိုက်သည်။

ဗိုလ်မှူးကြီးဗထူးသည် ၁၉၄၂ ခုနှစ်မှစကာ ဗမာ့လွတ်လပ်ရေးတပ်မတော် BIA ထဲ ဝင်ရောက်ခဲ့ပြီး ၁၉၄၅ ခုနစ် ဇွန်လ ၂ ရက်တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ် တယ်လူးစခန်းတွင် ကျဆုံးခဲ့ခြင်းဖြစ်သည်။

လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့သည့်နေ့ကို “ဗထူးနေ့” အဖြစ် သတ်မှတ်လိုက်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗိုလ်မှူးကြီးဗထူးသည် ၁၉၄၅ ခုနှစ် ဖက်ဆစ်ဂျပန်တော်လှန်ရေးကို စတင်ခဲ့သော စစ်တိုင်းမှူးတစ်ဦး ဖြစ်သည်။

စစ်ရေးနည်းဗျူဟာ ကျွမ်းကျင်မှုရှိခြင်း၊ ရဲစွမ်းသတ္တိရှိခြင်း၊ နှလုံးရည်ပြည့်ဝခြင်းတို့ကြောင့် ဗိုလ်မှူးအဆင့်မှ ဗိုလ်မှူးကြီးအဆင့်သို့ တိုးမြှင့်တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။

ဖက်ဆစ်ဂျပန်များကို ရွပ်ရွပ်ချွံချွံ တိုက်ထုတ်နေစဉ် ၁၉၄၅ ခုနှစ် မေလ ၁ ရက်နေ့ ရက်စွဲဖြင့် ဗိုလ်ချုပ်အောင်ဆန်း လက်မှတ်ရေးထိုးပြီး ဗိုလ်မှူးကြီးအဆင့်သို့ တိုးမြှင့်ပေးခြင်းခံခဲ့ရသည်။

ဗိုလ်မှူးကြီး ဗထူးသည် မိမိအား ဗိုလ်မှူးကြီးအဆင့်သို့ တိုးမြှင့်ပေးအပ်ခဲ့သည်ကိုပင် မသိလိုက်ရဘဲ ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဗမာ့လွတ်လပ်ရေးတပ်မတော်အတွင်းသို့ ဝင်ရောက်ချိန်မှစ၍ ကျဆုံးသည်အထိ မိဘ၊ ဇနီး၊ သားသမီးများကို တစ်ကြိမ်တစ်ခါမျှပင် တွေ့ဆုံခွင့် မရလိုက်ဘဲ တိုင်းပြည်အတွက် အသက်စွန့်သွားခဲ့ရသည်။

ဗိုလ်မှူးကြီးဗထူးသည် မြန်မာ့သမိုင်းတွင် ယနေ့အထိတိုင် အမေ့လျော့ခံထားရသည့် လွတ်လပ်ရေး သူရဲကောင်းတစ်ဦး ဖြစ်သည်။

ဗိုလ်မှူးကြီးဗထူးသည် မြန်မာ့လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရင်း ၁၉၄၅ ခုနှစ် ဇွန်လ ၂ ရက်နေ့ ည ၈ နာရီ ၁၀ မိနစ်တွင် အသက်ပေးလှူသွားခဲ့ရသည်။

ထိုကြောင့် တိုင်းပြည်အတွက် အသက်ပေးလှူသွားခဲ့သော ထားဝယ်သားကောင်းရတနာ ဗိုလ်မှူးကြီးဗထူးအား ဂုဏ်ပြုသည့်အနေဖြင့် ဇွန်လ ၂ ရက်နေ့ကို “ဗထူးနေ့” အဖြစ် ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီက သတ်မှတ်ကြောင်း မော်ကွန်းရေးထိုး ကြေညာလိုက်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ဗိုလ်မှူးကြီးဗထူးသည် ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် လေးသွန်းခံကျေးရွာဇာတိဖြစ်သည်။

ဇွန်လ ၂ ရက် နံနက်ပိုင်းက လောင်းလုံးမြို့နယ်ရှိ တော်လှန်ရေးအင်အားစုများက ဗိုလ်မှူးကြီးဗထူးကျဆုံးခြင်း ၇၇ နှစ်မြောက် အခမ်းအနားကို လေးသွန်းခံကျေးရွာတွင် ရှိသော ၁၅ ပေ အမြင့်ရှိ ဗိုလ်မှူးကြီးဗထူး‌ကြေးရုပ်ထုရှေ့တွင် ပြုလုပ်ခဲ့သည်။

ယင်းရုပ်ထုကို ဗိုလ်မှူးကြီးဗထူး နှစ်တစ်ရာပြည့်အထိမ်းအမှတ်အဖြစ် ထုလုပ်ခဲ့ပြီး ၂၀၁၇ ခုနှစ် ဇူလိုင်လ ၂၀ ရက်တွင် ဇာတိ လေးသွန်းခံကျေးရွာ၌ စိုက်ထူထားခြင်းဖြစ်သည်။