ထိုင်းနိုင်ငံရှိ ခရိုင် ၃၁ ခုတွင် နှာခေါင်းစည်းမလိုဘဲ အပြင်သွားလာခွင့်ပြုမည်

0
757
ဓာတ်ပုံ - dw.com

ထိုင်းနိုင်ငံရှိ ခရိုင် ၃၁ ခုတွင် ဇွန်လလယ်မှစ၍ ပြည်သူများ mask (နှာခေါင်းစည်း)တပ်စရာမလိုပဲ သွားလာနိုင်ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက မေလ ၂၅ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ကိုဗစ်ကူးစက်မှုနှုန်းလျော့ကျလာပြီဖြစ်၍ ကာကွယ်‌ဆေးထိုးနှံသူ များပြားသောခရိုင်များတွင် ရှေ့ပြေးစမ်းသပ်ချက်‌အနေဖြင့် mask တပ်သွားလာမှုကို ပယ်ဖျက်ပေးသည့် အစီအစဉ်ကို စတင်လိုက်ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Dr Kiattiphum Wongrajit ကဆိုသည်။

အဆိုပါ ဖြေလျော့ပေးသည့် ခရိုင်များကို အစိမ်းရောင်ဇုန် ခရိုင် ၁၄ ခုနှင့် အပြာရောင်ဇုန် ခရိုင် ၁၇ ခု သတ်မှတ်ထားပြီး ယင်းနေရာများတွင် ကိုဗစ်ကာကွယ်ဆေး ၃ ကြိမ်ထိုးနှံထားသူ ၆၀ ရာခိုင်နှုန်း ရှိ‌ကြောင်း အတွင်းဝန်ကဆိုသည်။

အစိမ်းရောင်ဇုန် ၁၄ ခရိုင်မှာ ချိုင်နတ်၊ ဖိကျစ်၊ အန်ထောင်၊ နန့်၊ မဟာရာစခမ်၊ ယဆိုးထော်၊ နခေါ် ဖနွမ်၊ လမ်းပါင်း၊ အမ်နတ်ကျရုန်၊ ဘူရီရမ်၊ တရတ်၊ စူရတ်ဌာနီ၊ စူရင်း၊ ဥဒွန်းဌာနီ စသည့်ခရိုင်များဖြစ်သည်။

အပြာရောင်ဇုန် ၁၇ ခရိုင်မှာ မြို့တော်ဘန်ကောက်၊ ကရာဘီ၊ ကန်ချနဘူရီ၊ ကျန်ထဘူရီ၊ ချွန်ဘူရီ၊ ချင်းမိုင်၊ ချင်းရိုင်၊ နခေါ်ရတ်ချစီးမာ၊ နွန်ထဘူရီ၊ နရာသီဝ၊ ပထုမ်ဌာနီ၊ ပရာကျွပ်ခီရီခန်၊ ဖန်င၊ ဖစ်ဘူရီ၊ ဖူးခက်၊ ရယွန်၊ စွန်ခရာ ခရိုင်များဖြစ်သည်။

အပြင်သွားလာရာတွင် mask ချွတ်၍ သွားလာခွင့်ပေးမည် ဖြစ်သော်လည်း လေဝင်လေထွက်မရှိသော နေရာများ၊ လူထူထပ်သော အခမ်းအနားများနှင့် စု‌ဝေးပွဲများတွင် mask တပ်ထားရမည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

သို့သော်အသက် ၆၀ နှစ်အထက်သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် နာတာရှည်ရောဂါရှိသော ပြည်သူများအနေဖြင့် မိမိလုံခြုံမှုအတွက် mask ဆက်လက်တပ်ထားရမည်ဖြစ်သည်။

ထိုင်းနိုင်ငံ၏ ကျန်သောခရိုင် ၄၆ ခုကို အဝါရောင်ဇုန်အဖြစ် သတ်မှတ်ပြီး ကိုဗစ် ၁၉ စည်းမျဉ်းအရ mask ချွတ်၍သွားလာမှုကို ခွင့်မပြုသေးကြောင်း ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေး အပြည့်ထိုးနှံပြီးသူ ၇၅ ရာခိုင်နှုန်းရှိပြီး တတိယအကြိမ်ထိုးပြီးသူ ၄၀ ရာခိုင်နှုန်းခန့်ရှိကာ ကူးစက်မှုနှုန်းလည်း သိသိသာသာကျဆင်းလာပြီဖြစ်၍ ကိုဗစ် ၁၉ စည်းမျဉ်းများကို ဖြေလျှော့ပေးနေခြင်းဖြစ်သည်။

ယခု မေလတွင် ထိုင်းနယ်စပ်ဂိတ်များ အားလုံးကို ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ရာ လာအို၊ ကမ္ဘောဒီးယား၊မလေးရှားတို့မှ ခရီးသွားများလည်း နယ်စပ်များမှတစ်ဆင့် ဝင်ရောက်လာနေပြီဖြစ်သည်။

ကိုးကား The Nation Thailand ၊ Bangkok Post