မြိတ်အထက်တန်းကျောင်းအနီး နှစ်ရက်ဆက်တိုက် ဗုံးပေါက်

0
281

မြိတ်မြို့၊ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းအနီးတွင် နှစ်ရက်ဆက်တိုက် ဗုံးပေါက်ကွဲကြောင်း ဒေသခံများထံမှ သိရသည်။

မြိတ်မြို့၊ မြို့သစ်ရပ်၊ အထက (၇) ကျောင်းအနောက်ဘက် ဈေးလမ်းတွင် မေလ ၂၆ ရက် ည ၇ နာရီခွဲက တစ်ကြိမ်နှင့် မေလ ၂၇ ရက် နံနက် ၈ နာရီခွဲခန့်က တစ်ကြိမ် ဗုံးပေါက်ကွဲကြောင်း ယင်းရပ်ကွက်တွင် နေထိုင်သူများက ပြောသည်။

မေလ ၂၆ ရက်နေ့က ဗုံးပေါက်ကွဲပြီးနောက် ယင်းအနီးရှိနေအိမ်များ အားလုံးပိတ်လိုက်ကြပြီး မကြာမီတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်စစ်ဆေးခဲ့ကြောင်း ၎င်းတို့က ပြောသည်။

“အသံက အကျယ်ကြီးပဲ ကြားလိုက်ရတာ” ဟု ယင်းကျောင်းအနီး နေထိုင်သူအမျိုးသားတစ်ဦးက ပြောသည်။

မေလ ၂၇ ရက်နေ့ နံနက်ကလည်း ယင်းကျောင်းအနီး ဗုံးထပ်မံပေါက်ကွဲပြီး ဖြစ်စဉ်နှစ်ကြိမ်စလုံးတွင် လူထိခိုက်မှု မရှိကြောင်း ရပ်ကွက်သားများထံမှ သိရသည်။

အဆိုပါဗုံးဖောက်ခွဲမှုကို မည်သည့်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် လုပ်ဆောင်သည်ကို အတည်မပြုနိုင်သေးပေ။

မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ကမူ ယင်းပေါက်ကွဲမှုများမှာ ၎င်းတို့ လုပ်ဆောင်ခြင်း မဟုတ်ကြောင်း မေလ ၂၇ ရက်နေ့က ထုတ်ပြန်ထားသည်။

မြိတ်တော်လှန်ရေးအင်အားစုနှင့် မြိတ်ပြည်သူလူထုအကြား အထင်အမြင်လွဲမှားအောင် လုပ်ဆောင်နေသည့် လုပ်ရပ်ဖြစ်သဖြင့် အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။