တနင်္သာရီမှ မြိတ်သို့ စစ်ဘေးရှောင်လာသူများ နေစရာနှင့် စားသောက်ရေးအကူအညီလိုအပ်

0
270
ဓါတ်ပုံ - ဆန်းမင်းဦး

တနင်္သာရီမြို့နယ် တကူနှင့် သရဘွင်ကျေးရွာအုပ်စုတို့မှ မြိတ်မြို့သို့ စစ်ဘေးရှောင်လာကြသူများ နေထိုင်ရန် အဆောက်အအုံနှင့် စားသောက်ရေးအကူအညီ လိုအပ်နေကြောင်း အကူအညီပေးနေသူများထံမှ သိရသည်။

တကူတနှင့် သရဘွင်တို့တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲများဖြစ်ပွားနေ သောကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။

အဆိုပါကျေးရွာအုပ်စုများမှ ထွက်ပြေးပြီး တောထဲတောင်ထဲတွင် တိမ်းရှောင်နေရသည့် ဒေသခံတစ်ရာခန့် ကို မေလ ၂၄ရက်နေ့က ကားဖြင့် သွားရောက်ခေါ်ဆောင်ကာ မြိတ်မြို့ရှိ အေးရိပ်ချောင်ဘုန်းတော်ကြီး ကျောင်းတွင် နေရာချထားပေးကြောင်း စစ်ဘေးရှောင်များအား အကူအညီပေးနေသူ ကိုဆန်းမင်းဦးက ပြောသည်။

၎င်းနှင့်အတူ စေတနာရှင်များက သွားရောက်ခေါ်ဆောင်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယနေ့ (မေ ၂၅) တွင်လည်း စစ်ဘေးရှောင်တစ်ရာကျော်ကို ထပ်မံသွားရောက်ခေါ်ဆောင်ခဲ့ပြီး ယင်းအနက် ခုနစ်ဆယ်ဝန်းကျင်ကိုလည်း အေးရိပ်ချောင်ဘုန်းတော်ကြီးကျောင်းတွင် နေရာချထားပေးကြောင်း ၎င်းက ပြောဆိုသည်။

“ဒီနေ့က ၁၂၀ လောက်ပါလာတယ်။ ဆွေမျိုးတွေရှိတဲ့ ရွာတွေမှာ ဆင်းကျန်ခဲ့တာ ၃၀ လောက်ရှိပြီး ရန်ကုန်ပြန်မဲ့ ရွှေ့ပြောင်းအလုပ်သမားက ၂၅ ယောက်လောက်ရှိတယ်။ ကျန်တာအကုန်လုံးက အေးရိပ်ချောင်ဘုန်းကြီးကျောင်းမှာပါ” ဟု ကိုဆန်းမင်းဦးက ပြောပြသည်။

အဆိုပါဘုန်းတော်ကြီးကျောင်းတွင် စစ်ဘေးရှောင် တစ်ရာခန့် နေထိုင်နိုင်ပြီး ယနေ့ ထပ်မံရောက်ရှိ လာသူများအတွက် နေစရာအခက်အခဲရှိကြောင်း စစ်ဘေးရှောင်များအရေး ကူညီသူများထံမှ သိရသည်။

“အားလုံးအတွက်ကတော့ နေရေးထိုင်ရေး စားရေးသောက်ရေးအတွက် အကူအညီတွေ လိုအပ်နေပါတယ်” ဟု ကိုဆန်းမင်းဦးက ပြောဆိုသည်။

တကူတိုက်နယ်နှင့် သရဘွင်ရွာတို့တွင် ပြီးခဲ့သည့် မေလ ၁၉ ရက်မှစပြီး သုံးရက်ဆက်တိုက် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး လူဦးရေတစ်သောင်းကျော် ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ကြရသည်။

တကူနှင့် သရဘွင်တို့တွင် တိုက်ပွဲအတွင်း လက်နက်ကြီးကျည်ကျရောက်သဖြင့် နေအိမ်ဆယ်လုံးခန့် ပျက်စီးပြီး နေအိမ်အချို့မီးရှို့ခံရကာ ဒေသခံ ငါးဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။