ထိုင်းသို့ တရားမဝင် ဝင်ရောက်သည့် မြန်မာလုပ်သား ၉၀ ကျော် အဖမ်းခံရ

0
830

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၉၀ ကျော်ကို ကန်ချနဘူရီခရိုင်တွင် ယနေ့ (မေ ၂၅) ဖမ်းမိကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ကန်ချနဘူရီခရိုင်၊ Mueang မြို့၊ Wang Dong ဒေသရှိ လမ်းဘေးတနေရာတွင် ၁၈ ဘီး ကုန်တင်ကား တစ်စီးရှိ‌နေသည်ဟု ဒေသခံတစ်ဦး၏ သတင်းပေးမှုကြောင့် ထိုင်းအာဏာပိုင်များက သွားရောက် စစ်ဆေးရာမှ ဖမ်းမိခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

မြန်မာ ၉၆ဦးကို ဖမ်းမိခြင်းဖြစ်ပြီး ယင်းအနက် အမျိုးသား ၆၀ ဦး၊ အမျိုးသမီး ၃၃ ဦးနှင့် ကလေးငယ် သုံးဦး ပါဝင်ကာ ၎င်းတို့အား ပို့ဆောင်ပေးသည့် ကားသမားကိုလည်း ဖမ်းမိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထိုင်းအာဏာပိုင်များ လာရောက်ဖမ်းဆီးချိန်တွင် မြန်မာအလုပ်သမားများသည် ကားပေါ်မှ ဆင်းပြေး၍ နီးစပ်ရာ ချုံတောထဲသို့ ပြေးပုန်းကြကြောင်း ထိုင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မပြေးရန် အော်‌ပြောသော်လည်း မလိုက်နာ၍ သေနတ်မိုးပေါ်ထောင် ပစ်ဖောက်မှသာ မြန်မာအလုပ်သမား များသည် ပုန်းနေသည့် နေရာမှထွက်လာကြကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ဖမ်းမိသည့် မြန်မာအလုပ်သမားများကို ရဲစခန်းသို့ ပို့ဆောင်စစ်ဆေးပြီး တရားဥပဒေအရ အရေးယူမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စုံစမ်းစစ်ဆေးချက်အရ ၎င်းတို့သည် ကရင်ပြည်နယ် ဘုရားသုံးဆူလမ်းမှတစ်ဆင့် ဝင်ရောက်ခြင်းဖြစ်ပြီး အများစုမှာ မန္တလေးတိုင်းမှဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

မြန်မာအလုပ်သမားများ၏လက်တွင် လက်ပတ်ကြိုး ဝတ်ဆင်ထားကြပြီး ကြိုးအရောင်ဖြင့် သွားရောက်မည့်နေရာကို ခွဲခြားထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အနီရောင်မှာ ပထုံဌာနီခရိုင်၊ အဝါရောင်မှာ ဖစ်စနူလို့ခရိုင်၊ အစိမ်းရောင်မှာ ရနောင်းခရိုင်များတွင် အလုပ်လုပ်ရန်ဖြစ်ပြီး လမ်းကြောင်းပေါ်မူတည်၍ ဘတ် ၂၅၀၀၀ မှ ၃၀၀၀၀ အထိ ပေးဆောင်ခဲ့ရသည်ဟု ထွက်ဆိုကြကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

မေလ ၂၄ ရက်နေ့တွင်လည်း တရားမဝင် ဝင်ရောက်သည့် မြန်မာအလုပ်သမား ၂၅ ဦးသည် တာခ့်ခရိုင်၊ ထန်ဆောင်ယမ်မြို့နယ်ရှိ လှိုဏ်ဂူတစ်ခုအထဲတွင် ဖမ်းဆီးခံခဲ့ရသေးသည်။

ထိုင်းသို့ တရားမဝင် ဝင်ရောက်မှုကြောင့် ဖမ်းဆီးခံရ‌သော မြန်မာလုပ်သားများကို ချိတ်ဆက် ဆောင်ရွက် နေခဲ့ရာ ယခုနှစ်အစမှ မေလ၂၅ ရက်နေ့အထိ ဖမ်းဆီးခံရသူ ၇၃၀၀ ကျော်နေပြီဖြစ်ပြီး တကယ့်မြေပြင်တွင် ယခုအရေအတွက်ထက် ပိုများနိုင်ကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) မှ အလုပ်သမားတာဝန်ခံ ကိုမင်းမင်းဦးက ဆိုသည်။

ကန်ချနဘူရီခရိုင်နှင့် ပရာကျွတ်ခီရီခန်ခရိုင်တို့တွင် မြန်မာအလုပ်သမားများ ဖမ်းဆီးခံရမှု အများဆုံး ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သော ဧပြီလ တစ်လအတွင်းတွင် ထိုင်းနိုင်ငံသို့ တရားမဝင်လမ်းကြောင်းဖြင့် ဝင်ရောက်လာသော မြန်မာလုပ်သား ၁၇၉၂ ဦးအထိ ဖမ်းဆီးရမိကြောင်း ထိုင်းတပ်မတော်က သတင်းထုတ်ပြန်ထားသည်။

ကိုးကား – ข่าวภูมิภาคกาญจนบุรี(โจโฉ)