ရေခူရှားပါးလာသဖြင့် ဈေးတက်

0
1193

မြိတ်ပင်လယ်ပြင်အတွင်း Jellyfish ခေါ် ရေခူ ရှားပါးလာပြီး ဈေးနှုန်းလည်း ယခင် ၂နှစ်ကထက် နှစ်ဆကျော်မြင့်တက်လာကြောင်း ရေခူလုပ်ငန်းလုပ်ကိုင်ကြသူများထံမှ သိရသည်။

ယခင် ၂ နှစ်ခန့်က ရေခူအခြောက်တစ်ပိဿာ ကျပ် လေးထောင်ဝန်းကျင်ရှိခဲ့ရာမှ လက်ရှိတွင် တစ်ပိဿာ ကျပ်တစ်သောင်းအထိ ဈေးမြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ယခင်က ကီလိုတစ်ရာဆန့် ရေခူအခြောက် ဝါလတ်တစ်ပုံးလျှင် တစ်သိန်းခွဲဝန်းကျင်ခန့်ဈေးရှိရာမှ
လက်ရှိတွင် ကျပ်သုံးသိန်းခွဲခန့်အထိ ဈေးပေါက်လျှက်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

“ရေခူတွေက ဟိုးအရင်လို ဖောဖောသီသီ မရတော့ဘူး။ ဈေးလည်းတအားမြင့်လာတယ်” ဟု မြိတ်မြို့မှ ရေခူဝယ်ယူရောင်းချသူ ဈေးသည်တစ်ဦးက ပြောသည်။

ရေခူများသည် ယခင်က ၂ နှစ်ခန့်တစ်ကြိမ် ပင်လယ်ပြင်တွင် ပေါ်လေ့ရှိပြီး ယခုအခါ အနည်းအကျဉ်းသာ ပေါ်တော့ကြောင်း ကျွန်းစုမြို့နယ်၊ မော်ခေါင်းတုန်းကျေးရွာနေ ရေလုပ်ငန်းရှင် ကိုရဲက ပြောဆိုသည်။

“ပြီးခဲ့တဲ့ မတ်လနှောင်းပိုင်းက ကျားပါးစပ်ပိုက်တန်းမှာ အနည်းအကျဉ်းလာမိတယ်။ အရင်ကလို ရွာလုံးကျွတ် ထွက်ကောက်ရတာမျိုးမရှိတာ နှစ်ချီကြာပြီ” ဟု ၎င်းက ပြောသည်။

သို့သော်ယခုနှစ်တွင် ပုလောမြို့နယ်၊ ပြင်စဘုကျွန်းဖက်တွင် အနည်းအကျဉ်းသာပေါ်သည်ဟု ကြားရကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

“အရင်က ကော့သောင်း ပုလုံးတုံတုံး (ရွာ) ကနေ ပေါ်လိုက်တဲ့ဆရေခူဟာ ပုလော ပြင်ဘု၊ ခန္ဓီ ထားဝယ်အထိ (တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်) တောက်လျှောက်ပေါ်တယ် ခုက အဲဒီလို မပေါ်တော့ဘူး” ဟု ခူလုပ်ငန်းလုပ်ကိုင်ဖူးသူ ကိုရဲ ကပြောသည်။

ယခင်က ရေခူအစိမ်းတန်ရာချီဝယ်ယူခဲ့ပြီး ဂျပန်နိုင်ငံသို့ အခြောက်ပြုလုပ်ကာ တင်ပို့ခဲ့သည့် မြိတ်မြို့ရှိ ကုမ္ပဏီတစ်ခုသည်လည်း ပစ္စည်းရှားသဖြင့် ရေခူလုပ်ငန်း ရပ်နားခဲ့သည်မှာ ခြောက်နှစ်ရှိပြီဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အရင်ကဆို ရေခူရောင်းဖို့အတွက် ညအိပ်စောင့်ရတယ်။ ကုမ္ပဏီကလည်း နေ့ရောညပါဝယ်တာတောင် လက်မလည်ဘူး” ဟု မြိတ်မြို့မှ ရေခူဝယ်ယူရောင်းချခဲ့ဖူးသူ အမျိုးသားတစ်ဦးက ပြောသည်။

ယခင်က ရေခူပေါ်ချိန်ဆိုလျှင် ပင်လယ်ရွာများသာမက ကုန်းတွင်းရွာများကပါ လှေကြီးလှေငယ် အသွယ်သွယ်ဖြင့် ပင်လယ်ပြင်သို့ထွက်ကာ ရေပြင်တွင် မျှောနေသည့် ရေခူများကို ကောက်ကာ ရောင်းချကြသည်။

သို့သော် ယခင်ကလို ရေခူအမြောက်အများ မပေါ်သည်မှာ ကြာပြီဖြစ်၍ အပိုဝင်ငွေများလည်း မရရှိကြတော့ကြောင်း ပင်လယ်ရွာသားများကဆိုသည်။

“ရေခူက အရင်ကဆို လှေကြီးလှေငယ်တွေနဲ့ ရွာလုံးကျွတ် သွားကောက်ကြတာ။ အခုကမပေါ်တာ လေးငါးနှစ်ရှိပြီ။ ပေါ်ရင်လည်း အနည်းအကျဉ်းလေးပဲ။ အလုပ်မဖြစ်ဘူး” ဟု ကျွန်းစုဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ရေခူအစိုကို ဆားဖြင့်တစ်လခန့် စိမ်ထားရပြီး ရရှိလာသည့် အခြောက်ကို ရေနွေးဖြင့်ဖျော၍ အသုတ်နှင့် ဟင်းလျာအဖြစ် ပုံစံမျိုးစုံလုပ်၍ စားသောက်ကြသည်။