ဖမ်းဆီးခံ ပုလောဒေသခံခြောက်ဦး ၁၀ ရက်ကြာသည်အထိ ပြန်မလွတ်သေး

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

မြိတ်ခရိုင်၊ ပုလောမြို့နယ်က ဖမ်းဆီးခံထားရသည့် ဒေသခံခြောက်ဦး ၁၀ ရက်ကြာသည်အထိ ပြန်လည် လွတ်မြောက်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

ပုလောမြို့နယ်၊ မင်းထိန်ကျေးရွာ ရွာထိပ်အနီးတွင် နေထိုင်ကြသည့် နေအိမ်များမှ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားခြောက်ဦးကို စစ်ကောင်စီတပ်က မေလ ၁၅ ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း မင်းထိန်ရွာသားများက ပြောသည်။

“(စစ်ကောင်စီတပ်) လာတာတော့ အေးအေးဆေးဆေးပဲ။ စကားတွေဘာတွေ ပြောလိုက်သေးတယ်။ ပြီးမှ ခေါ်သွားကြတာ” ဟု မင်းထိန်ကျေးရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ကိုဖိုးနီ၊ ကိုနောင်နီ၊ ကိုဖိုးချစ်၊ ကိုနိုင်ကြီး အပါအဝင် အမျိုးသား ခြောက်ဦးကို ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း ရွာသားများက ပြောသည်။

“သူတို့ (စစ်ကောင်စီတပ်က) ဘာမှ မလုပ်ဘူးလို့တော့ ပြောတယ်။ အဝတ်အစားတွေ ဘာတွေ သွားပေးတာလည်း လုံးဝလက်မခံဘူး” ဟု အဖမ်းခံရသူများနှင့် ဆွေမျိုးတော်စပ်သူ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါအမျိုးသားများသည် လယ်ယာလုပ်ငန်း လုပ်ကိုင်ကြသူများဖြစ်ကာ ရွာတွင် အေးအေးဆေးဆေး နေတတ်သူများဖြစ်ပြီး လက်ရှိအချိန်အထိ ပြန်မလွတ်သေးသည့်အတွက် မိသားစုဝင်များနှင့် ဆွေမျိုးများ စိုးရိမ်ပူပန်နေကြကြောင်း ရွာသားများက ပြောသည်။

“သူတို့က ဘာနိုင်ငံရေးမှလည်း စိတ်ဝင်စားကြတဲ့သူတွေ မဟုတ်ဘူး။ ဘာအကြောင်းကြောင့် ခေါ်စစ်နေလည်းဆိုတာ မသိရဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ယနေ့ (မေ ၂၄) နံနက် မေးမြန်းချက်အရ အမျိုးသားသုံးဦးမှာ ပုလောရဲစခန်းသို့ မေလ ၂၃ ရက်နေ့က ရောက်ရှိနေပြီး ကျန်သုံးဦး သည် စစ်ကောင်စီတပ်လက်ထဲတွင် အစစ်ဆေးခံနေရဆဲ ဖြစ်ကြောင်း ရွာသားများက ပြောပြသည်။

မင်းထိန်ကျေးရွာအနီးတွင် မေလ ၁၃ ရက်ညက ထားဝယ်မှ ဆင်းလာသည့် စစ်ယာဉ်တန်းနှင့် မြိတ်မှ တက်လာသည့် စစ်ယာဉ်တန်း မိုင်းနှစ်ကြိမ်ဆွဲခံခဲ့ရသည်။

ယင်းမိုင်းဆွဲမှုကို ပုလောပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့က ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်သား လေးဆယ်ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း PPDF ပုလောဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

ပုလော-မြိတ် ပြည်ထောင်စုလမ်းတွင် ပုလောပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က စစ်ကောင်စီယာဉ်တန်းအား မကြာခဏ မိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။