အောက်သရက်ချောင်းကျေးရွာတွင် အမျိုးသားသုံးဦး ပစ်သတ်ခံရ

0
489

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် အောက်သရက်ချောင်းကျေးရွာတွင် အမျိုးသားသုံးဦး မေလ ၁၅ ရက် ညက သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံအချို့က ပြောသည်။

လက်နက်ကိုင်အဖွဲ့တစ်ခုက ည ၉ နာရီကျော်တွင် ဝင်ရောက်လာကာ ၎င်းတို့ သုံးဦးကို ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။

အသတ်ခံရသူ သုံးဦးစလုံးမှာ ၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်ကာလတွင် ကြံ့ခိုင်ရေးပါတီအတွက် လိုက်လံ စည်းရုံးခဲ့သူများဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

အသက် ၄၀ အရွယ် ဦးမင်းနောင်နှင့် အသက် ၅၀ ကျော်အရွယ် ဦးစိုးဝင်းဆိုသူတို့မှာ နေအိမ်တွင် ပစ်သတ်ခံရခြင်းဖြစ်ပြီး အသက် ၆၀ ကျော်အရွယ် ဦးသိန်းတန်မှာ ဖမ်း‌ဆီးခေါ်ဆောင်သွားပြီးမှ သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုသည်။

ဦးမင်းနောင်မှာ လက်နက်ကိုင်လူစု ရောက်ရှိလာချိန် နေအိမ်ပြတင်းပေါက်မှ ခုန်ချပြီး ထွက်ပြေးချိန်တွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဦးစိုးဝင်းဆိုသူမှာ နေအိမ်အတွင်းပင် ပစ်ခတ်ခံရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ဦးသိန်းတန်ဆိုသူမှာမူ ဖမ်းဆီးခံရပြီးနောက် ကျေးရွာအနီးရှိ ချောင်းကမ်းစပ်တစ်နေရာတွင် ပစ်သတ်ခံထားရကြောင်း အခြားဒေသခံတစ်ဦးက ပြောဆိုသည်။

“ညတုန်းက သေနတ်သံ နှစ်ချက်တော့ကြားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

မေလ ၁၅ ရက် ည ပစ်ခတ်သတ်ဖြတ်မှုကို မည်သည့်အဖွဲ့အစည်းက မည်သည့်အကြောင်းအရင်းကြောင့် လုပ်ဆောင်သည်ကို Dawei Watch အနေနှင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဦးမင်းနောင်၏ ဖခင်မှာ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သောကြောင့် ဒဏ်ရာရသွားသဖြင့် ရှောင်တိမ်းနေကြောင်း ဒေသခံအချို့ထံမှ သိရသည်။