PDF ထောက်ပံ့သူဟုဆိုကာ သပြေဇွန်းရွာသားတစ်ဦးကို လာဖမ်းစဉ် ထွက်ပြေးလွတ်မြောက်

0
212

PDF အား ထောက်ပံသည်ဟု စွပ်စွဲ၍ ရေဖြူမြို့နယ် ပုဂေါဇွန်းကျေးရွာအုပ်စု သပြေဇွန်းရွာသားတစ်ဦးကို အရပ်ဝတ် လက်နက်ကိုင်လူတစ်စုက လာရောက်ဖမ်းဆီးသော်လည်း ထွက်ပြေးလွတ်မြောက်သွားကြောင်း ဒေသခံများက ပြောသည်။

အသက် ၃၃နှစ်အရွယ် ကိုအောင်အောင်ဆိုသူကို မေလ ၁၅ ရက်နေ့ နေ့လယ်ပိုင်းက ယင်းသို့ လာရောက် ဖမ်းဆီးခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“အရပ်ဝတ်လက်နက်ကိုင်လူတစ်စုက ကားနဲ့ ရောက်လာတာနဲ့ ကိုအောင်က အိမ်နောက်က ထွက်ပြေး သွားတယ်” ဟု သပြေဇွန်းရွာသားတစ်ဦးက ပြောဆိုသည်။

ယင်းနောက် ကိုအောင်အောင်ကို သေနတ်ဖြင့် လိုက်လံပစ်ခတ်သော်လည်း မဖမ်းမိသဖြင့် နေအိမ်ရှိ ကိုအောင်အောင်၏ဖုန်းနှင့် ဆိုင်ကယ်ကို သိမ်းဆည်းသွားကြောင်း ဒေသခံများ ပြောကြားချက်အရ သိရသည်။

PDF ကို ထောက်ပံ့သဖြင့် လာရောက်ဖမ်းဆီးခြင်းဖြစ်သည်ဟု အရပ်ဝတ် လက်နက်ကိုင်အုပ်စုက ပြောဆိုခဲ့ပြီး ၎င်းတို့မှာ မည်သည့်အဖွဲ့အစည်းကဖြစ်သည်ကိုမူ ပြောဆိုခဲ့ခြင်း မရှိကြောင်း ဒေသခံများထံမှ သိရသည်။

ကိုအောင်အောင်သည် ပရိဘောဂလုပ်ငန်း လုပ်ကိုင်ပြီး ၂၀၂၀ ရွေးကောက်ပွဲအကြိုကာလများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ မဲဆွယ်စည်းရုံးရေးခရီးစဉ်များတွင် လိုက်ပါကူညီပေးလေ့ရှိသူ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။